ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက ဂိုးသမား တဦး ဖြစ်သူ ဒွန်နာရမ်မာ ကတော့ ယနေ့မနက် အစောပိုင်းမှာ ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်မှာ အသင်းအတွက် တလုံးထဲသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး အမ်ဘာပေကို ဂြိုလ်သား တဦးလို့ ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့်မှာ စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက် တွေ့ဆုံနေတာ ဖြစ်ပြီး နှစ်သင်းစလုံးက ထိပ်တန်းအသင်းတွေ ဖြစ်တာကြောင့် ပီအက်စ်ဂျီအနေနဲ့ နောက်တဆင့်ကို တက်ရောက်ချင်ရင် အိမ်ကွင်းမှာ ကစားရတဲ့ ပွဲစဉ်မှာ မဖြစ်မနေ အနိုင်ရလဒ် ရရှိအောင် ကြိုးပမ်းဖို့ လိုအပ်ခဲ့ပါတယ်။

Photo Credit: Express

ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်ကို ပြင်သစ်မြေမှာ ယနေ့မနက် အစောပိုင်းက ယှဉ်ပြိုင် ကစားခဲ့ကြတာ ဖြစ်ပြီး အဆိုပါပွဲစဉ်မှာ ပီအက်စ်ဂျီက အဓိက တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေရဲ့ နောက်ဆုံးမိနစ် သွင်းဂိုးနဲ့အတူ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အဖိုးတန် နိုင်ပွဲတပွဲကို ရရှိခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ပီအက်စ်ဂျီဟာ ရီးရဲလ်မက်ဒရစ်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ပြီး အပိုင် ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပေမယ့် မက်ဆီက ပင်နယ်တီ တလုံးကို ဝင်အောင် မကန်နိုင်ခဲ့သလို ဂိုးကံခေမှုတွေကြောင့် အမ်ဘာပေရဲ့ ၉၀+၄မိနစ် သွင်းဂိုးနဲ့သာ အနိုင်ရရှိခဲ့တာပါ။

Photo Credit: Express

 

ပွဲပြီးဆုံးချိန်မှာတော့ ပီအက်စ်ဂျီ ကစားသမားတွေဟာ အသင်းရဲ့ အနိုင်ဂိုးရှင် အမ်ဘာပေကို သူရဲကောင်း တဦးလို ပွေ့ဖက်ကာ အောင်ပွဲခံခဲ့ကြသလို ဒွန်နာရမ်မာကလည်း အမ်ဘာပေဟာ ဂြိုလ်သားတဦး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

ဒွန်နာရမ်မာက – “အမ်ဘာပေက ကြီးကျယ်တဲ့ ကစားသမား တဦးပါ။ သူက ကွင်းထဲမှာရော ၊ ကွင်းပြင်မှာပါ အတုယူသင့်တဲ့ ကစားသမား တဦးလည်း ဖြစ်ပါတယ်။ သူက ဂြိုလ်သား တယောက်ပါ။ ဒါကိုလည်း ဒီနေ့မှာ သက်သေပြနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ သူက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး အတော်လေးကို ဂရုစိုက်တတ်တဲ့ ကစားသမားပါ။ ပြီးတော့ ပွဲကိုလည်း အဆုံးအဖြတ် ပေးနိုင်စွမ်း ရှိတဲ့ ကစားသမား တဦးပါ။ နေ့တိုင်းမှာ ၊ လေ့ကျင့်တဲ့ အချိန်တိုင်းမှာ သူက အကောင်းဆုံး ကစားသမား တဦး ဆိုတာ မြင်နိုင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။