ယူကရိန်း ထိပ်သီးကလပ် ရှက်တာဒိုးနက်က သူတို့အသင်းရဲ့ အဓိက ကစားသမား တဦး ဖြစ်သူ မူဒရစ်ခ် အတွက် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ပထမဦးဆုံး ကမ်းလှမ်းမှု ဖြစ်တဲ့ ယူရို ၆၅သန်းတန် ကမ်းလှမ်းမှုကို ပယ်ချလိုက်ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားကို ဦးဆောင်ခွင့် ရထားတဲ့ အာဆင်နယ်က ၂၀၀၄ခုနှစ် နောက်ပိုင်း ပထမဦးဆုံးအကြိမ် အဖြစ် လိဂ်ချန်ပီယံဆုကို ပြန်လည် ရယူဖို့ စိတ်အားထက်သန်နေသလို သူတို့အသင်းရဲ့ ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်အောင် ဆောင်းဈေးကွက် အတွင်းမှာ တတ်နိုင်သလောက် ကစားသမား အင်အား ဖြည့်တင်းဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: The Sun

အသက် ၂၁နှစ် အရွယ် ယူကရိန်း လက်ရွေးစင် လူငယ် တောင်ပံတိုက်စစ် ကစားသမား မူဒရစ်ခ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ရှက်တာဒိုးနက်နဲ့အတူ စတင် တောက်ပလာတဲ့ လူငယ် ကစားသမား တဦး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာလည်း ရှက်တာဒိုးနက် အတွက် ပြိုင်ပွဲစုံမှာ ၁၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၀ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၈ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ အာဆင်နယ်နည်းပြ အာတီတာနဲ့ အားကစားဒါရိုက်တာ အီဒူးတို့က မူဒရစ်ခ်ကို ဆောင်းဈေးကွက် အတွင်းမှာ သူတို့ဆီ အရောက် ခေါ်ယူဖို့ စိတ်ပိုင်းဖြတ်ထားကြပြီး အာဆင်နယ်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ မူဒရစ်ခ် အတွက် ပထမဦးဆုံး တရားဝင် ကမ်းလှမ်းမှု အဖြစ် ပြောင်းရွှေ့ကြေး ယူရို ၆၅သန်းနဲ့ စတင် ကမ်းလှမ်းခဲ့ပါတယ်။

Photo Credit: The Sun

အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုက လူငယ်ကြယ်ပွင့် တဦး အတွက် အတော်လေးကို များပြားတဲ့ ပမာဏ တရပ် ဖြစ်ပေမယ့် ရှက်တာဒိုးနက်ကတော့ သူတို့ရဲ့ အကယ်ဒမီထွက် လူငယ်ကြယ်ပွင့် မူဒရစ်ခ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၈၅သန်း အထိ ရယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။

ဒါကြောင့်ပဲ ရှက်တာဒိုးနက်က အာဆင်နယ်ရဲ့ ပထမဦးဆုံး ကမ်းလှမ်းမှု ဖြစ်တဲ့ ယူရို ၆၅သန်းတန် ကမ်းလှမ်းမှုကို ချက်ချင်း ဆိုသလို ငြင်းဆန် ပယ်ချခဲ့ပြီး အာဆင်နယ်အနေနဲ့ မူဒရစ်ခ်ကို ခေါ်ယူချင်ရင် သူတို့ တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးမှပဲ ရမယ်လို့ ပြန်လည် တုံ့ပြန်ထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။