MySport Myanmar

သူနဲ့ အယ်လစ္စတာတို့ရဲ့ ဖြစ်ရပ်ကနေ ပင်နယ်တီ ဖြစ်သွားမလားဆိုပြီး စိုးရိမ်ခဲ့ရတယ်လို့ ဒိုကူ ဖွင့်ဟ

အန်ဖီးလ်ကွင်းမှာ အိမ်ရှင်လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ အကြ်ိတ်အနယ် ယှဉ်ပြိုင်ကြနေစဉ်အတွင်း ပွဲပြီးခါနီးမှာပဲ မန်စီးတီး တောင်ပံကစားသမား ဒိုကူက လီဗာပူးလ် ကွင်းလယ်လူ အယ်လစ္စတာကို ဧရိယာထဲမှာ ကြမ်းတမ်းစွာ ဖြတ်ထုတ်မိခဲ့ပေမယ့် ကွင်းလယ်ဒိုင်နဲ့ VAR ဒိုင်တို့က ပင်နယ်တီ သတ်မှတ်ပေးခြင်း မရှိလို့ မန်စီးတီးတို့ သက်သာရာရခဲ့ပါတယ်။

တစ်ဖက်ကို တစ်ဂိုးစီ သရေကျနေချိန် အိမ်ရှင် လီဗာပူးလ်ကလည်း ကစားအား ပိုမိုကောင်းမွန်နေချိန်မှာ အခုလို ပင်နယ်တီ ရနိုင်လောက်တဲ့ ဖြစ်ရပ်မျိုး ကြုံခဲ့ရပေမယ့် ဒိုင်တွေက ပင်နယ်တီ မသတ်မှတ်ပေးခဲ့လို့ လီဗာပူးလ်အတွက်တော့ နစ်နာခဲ့ရသလို ပွဲအပြီးမှာလည်း ဒီကိစ္စက ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့ပါတယ်။

Photo Credit : Sky Sports

လီဗာပူးလ်နည်းပြကြီး ယာဂင် ကလော့ပ်ကတော့ ဒီလို ဖြတ်ထုတ်ပုံမျိုးဟာ ကွင်းရဲ့ ဘယ်နေရာမှမဆို ပြစ်ဒဏ်သတ်မှတ်ပေးရမှာ ဖြစ်သလို ကျူးလွန်သူကိုလည်း အဝါကတ် ပြကိုပြရမယ့် အခြေအနေမျိုး ဖြစ်တာမို့ သူတို့အသင်း သေချာပေါက် ပင်နယ်တီ ရသင့်တယ်လို့ ဝေဖန်ပြောဆိုသွားခဲ့ပါသေးတယ်။

ဒီဖြစ်ရပ်မှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ဒိုကူကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ခွန်းတစ်လေမှ မပြောဆိုခဲ့ပေမယ့် အခု နိုင်ငံတကာ ရက်သတ္တပတ် ကာလအတွင်းမှာပဲ ဒီအကြောင်းကို ပြန်ပြောင်း ပြောဆိုလာခဲ့ပါတယ်။ “ဒါဟာ အန္တရာယ်များတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ခဲ့ရပါတယ်။ ကျွန်တော်ကတော့ ဒါကို ကွဲပြားခြားနားစွာ လုပ်ဆောင်ခဲ့တာဖြစ်လို့ ဒါဟာ ပင်နယ်တီ မဟုတ်ဘူးလို့ပဲ ယုံကြည်နေခဲ့မိတယ်။”

Photo Credit : Daily Mail

“ဒါပေမယ့် တခြား ဒိုင်လူကြီးတွေဆိုရင်တော့ ပင်နယ်တီပေးမယ်ဆိုတာကို ကျွန်တော် သိနေပါတယ်။ ပွဲအတွင်းမှာတော့ ပင်နယ်တီ သတ်မှတ်ပေးခြင်း မရှိခဲ့လို့ ကျွန်တော် ပျော်ရွှင်ရပါတယ်။ ကျွန်တော် စိတ်ပူခဲ့သလားဆိုတော့ ဒိုင်တွေ VAR နဲ့ ဖြစ်ရပ်ကို ပြန်လည် စစ်ဆေးနေချိန်မှာတော့ စိတ်ပူမိရတယ်။ ဒါက ပင်နယ်တီလည်း ဖြစ်သွားနိုင်တာ ဆိုတော့လေ။”

“ကျွန်တော် တစ်ဦးတည်းရဲ့ အမြင်နဲ့ ပြောရရင်တော့ ဒီဖြစ်ရပ်က ပင်နယ်တီပေးရလောက်တဲ့ ဖြစ်ရပ်မျိုး မဟုတ်ပါဘူး။ ဒါပေမယ့် တခြားလူတွေ ဘာကြောင့် ဒေါသထွက်နေရသလဲ နောက်ပြီး လီဗာပူးလ် ပရိသတ်က ဒီဖြစ်ရပ်ကို ဘာကြောင့် ပင်နယ်တီ ပေးရမယ်ဆိုပြီး ယုံကြည်နေကြသလဲ ဆိုတာကိုတော့ ကျွန်တော် သိနေပါတယ်။” လို့ ဒိုကူက ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Exit mobile version