ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဂျာမန်လက်ရွေးစင်ကွင်းလယ်ကစားသမား တိုနီကရူးစ်က ဘောလုံးသမားတချို့ရဲ့ ဂိုးသွင်းပြီးနောက် အောင်ပွဲခံကြတဲ့ ပုံစံတွေနဲ့ပတ်သက်ပြီး ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမား အန်တိုနီဂရစ်ဇ်မန်းနဲ့ အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကစားသမား အူဘာမီယန်းတို့ရဲ့ Goal Celebration တွေကို ဖော်ပြပြီး ဝေဖန်ပြစ်တင်ပြောဆိုလာခဲ့တာကြောင့် ဒါကို အူဘာမီယန်းဘက်ကနေ ပြန်လည်တု့ံပြန်သွားခဲ့ပါတယ်။

Photo Credit : Mirror

ကရူးစ်က အူဘာမီယန်းရဲ့ မျက်နှာဖုံးတပ်ဆင်ပြီး အောင်ပွဲခံတဲ့ပုံစံနဲ့ ဂရစ်ဇ်မန်းရဲ့ ဂိမ်းကာရိုက်တာတစ်ခုအတိုင်း ကပြတတ်တဲ့ အောင်ပွဲခံပုံစံတွေကို ဝေဖန်သွားခဲ့တာဖြစ်ကာ ရူးမိုက်လွန်းတဲ့ အရာတွေလို့လည်း မှတ်ချက်ပြုသွားခဲ့ပါတယ်။ ကရူးစ်က “အူဘာမီယန်းအနေနဲ့ ဒီလိုအောင်ပွဲခံတာကို တစ်ခါမြင်ဖူးတယ်။ ဒါတွေက လူငယ်တွေ အတုယူဖို့ကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ တကယ့်ကို အဓိပ္ပာယ်မရှိတဲ့ လုပ်ရက်တွေပါ” လို့ ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။ ဒီလို ဝေဖန်စကားနဲ့ပတ်သက်ပြီး အာဆင်နယ်အသင်းရဲ့ ဂါဘွန်တိုက်စစ်ကစားသမား အူဘာမီယန်းက သူရဲ့တွစ်တာပေါ်ကနေ ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။

Photo Credit : Goal

အူဘာမီယန်းက “စကားမစပ် တိုနီ မင်းမှာ သားသမီးတွေ ရှိလား။ ဒါဆို မင်းသိထားရမှာက ငါရဲ့အောင်ပွဲခံတဲ့ပုံစံတွေဟာ ငါရဲ့သားအတွက် ရည်ရွှယ်တယ်ဆိုတာပါပဲ။ ဆိုတော့ နောက်လည်း ဒီလိုပုံစံမျိုးတွေကို အနည်းငယ်တော့ ငါလုပ်နေဦးမှာပါ။ မင်းမှာ သားသမီးတွေ ရလာတဲ့တနေ့ကျရင် မင်းဘက်ကနေ သူတို့တွေ ပျော်ရွှင်အောင် လုပ်ပေးချင်လာမှာပါ” လို့ တု့ံပြန်ပြောဆိုသွားခဲ့ပါတယ်။ အူဘာမီယန်းကတော့ လက်ရှိအချိန်မှာ သူရဲ့နိုင်ငံအသင်းဖြစ်တဲ့ ဂါဘွန်လက်ရွေးစင်အသင်းအတွက် ၂၀၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာဖရိကခြေစစ်ပွဲတွေကို ဝင်ရောက်ဆင်နွဲလို့နေပြီး မနေ့ညက ဂမ်ဘီယာအသင်းနဲ့ ကစားသွားခဲ့ရတဲ့ ခြေစစ်ပွဲမှာ ဂါဘွန်အတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို အူဘာမီယန်းက သွင်းယူနိုင်ခဲ့ပါတယ်။ အူဘာမီယန်းဟာ ဒီနှစ်ဘောလုံးရာသီမှာတော့ သူရဲ့အာဆင်နယ်အသင်းအတွက် သွင်းဂိုးတွေ များစွာသွင်းယူပေးနိုင်ဖို့အတွက် ရုန်းကန်လို့နေရပြီး ပရီးမီးယားလိဂ်ပွဲစဉ်(၈)ပွဲအတွင်းမှာ သွင်းဂိုးက (၂)ဂိုးသာ ရှိထားသေးသလို ဂိုးကန်ချက် အကြိမ်ရေဟာလည်း (၁၀)ကြိမ်သာ ရှိထားခဲ့ရတဲ့အထိကို တိုက်စစ်စွမ်းဆောင်ရည်က ကျဆင်းလို့နေပါတယ်။