ရေဒီယို အစီအစဉ် El Larguero က ဘာစီလိုနာအသင်းဟာ အဖွဲ့အစည်း တစ်ခုကို ငွေကြေးနဲ့ ငှားရမ်းပြီး မက်ဆီနဲ့ အခြား အသင်းကစားသမားတွေကို သိက္ခာချဖို့ မဟုတ်မမှန် သတင်းတွေ ရေးခိုင်းတယ်လို့ ဖော်ပြပါတယ်။ ရေဒီယို အစီအစဉ် EL Larguero ဟာ ဘာစီလိုနာအသင်းအနေနဲ့ အဖွဲ့အစည်း တစ်ခုကို ငွေပေးပြီး ငှားရမ်းခဲ့တယ် ဆိုတဲ့ စာရွက်စာတမ်းကို ရရှိပြီးနောက် မနေ့ည တနင်္လာနေ့ညမှာ ဘာစီလိုနာအသင်းရဲ့ လုပ်ရပ်တွေကို ဖွင့်ချ ဖော်ထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: footballespana

ဘာစီလိုနာအသင်းဟာ အင်္ဂါနေ့ အစောပိုင်းမှာ El Larguero ရဲ့ ဖွင့်ချမှုကို မမှန်ကန်ပါဘူးလို့ ငြင်းပယ်ခဲ့ပြီး အသင်း ကစားသမားတွေရဲ့ ဂုဏ်သိက္ခာကို ချဖို့ ဘယ်အဖွဲ့အစည်းကိုမှ ငွေပေးပြီး မငှားခဲ့ဘူးလို့ ဖော်ပြသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းက ဂုဏ်သိက္ခာ ချဖို့ ပစ်မှတ်ထားခဲ့တဲ့ လူတွေဟာ မက်ဆီ၊ ပီကေး၊ နည်းပြဟောင်း ပက် ဂွါဒီယိုလာ၊ အသင်း ခေါင်းဆောင်ဟောင်း ဇာဗီ၊ ပူရော့ နဲ့ ဥက္ကဌဟောင်း လာပေါ်တာတို့တွေ ဖြစ်ကြတယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Photo Credit: footballespana

Cadena Ser သတင်းက ဘာစီလိုနာအသင်းအနေနဲ့ အဖွဲ့တစ်ခုကို ငှားပြီး ကစားသမားတွေရဲ့ ဂုဏ်သိက္ခာကို ချဖို့ ကြိုးစားရတာဟာ လက်ရှိ ဥက္ကဌ ဘာတိုဗျူရဲ့ ပုံရိပ်ကို မြင့်တင်ဖို့ နဲ့ သူ့ရဲ့ ပြိုင်ဘက်တွေကို အာရုံလွဲဖို့ ဖြစ်ပါတယ်လို့ ဖော်ပြသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ I3 Ventures လို့ အမည်ရတဲ့ ကုမ္ပဏီကို ငွေကြေးနဲ့ ငှားပြီး အသင်းဥက္ကဌရဲ့ ပုံရိပ်ကို မြင့်တင်မယ့် စာတွေကို တွစ်တာ နဲ့ ဖေ့စ်ဘုတ်မှာ ရေးပေးဖို့အတွက် ပြောခဲ့တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။