ဒီရက်ပိုင်းလေးအတွင်းမှာ မန်စီးတီးအသင်းဆီကို ဗလင်စီယာအသင်းကနေ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ စပိန်လူငယ်တောင်ပံကစားသမားလေး ဖာရန်တောရက်စ်ကတော့ ပတ်ဂွာဒီယိုလာလို ကမ္ဘာကျော်နည်းပြလက်အောက်မှာ ပါဝင်ကစားရတော့မှာဖြစ်ပေမယ့် တကယ်တော့ သူရဲ့အသင်းဟောင်း ဗလင်စီယာအသင်းကနေ ထွက်ခွာဖို့ ဆန္ဒမရှိခဲ့ပဲ ဗလင်စီယာအသင်းဘက်ကနေ သူ့ကိုရောင်းချဖို့ စီစဉ်လာခဲ့ခြင်းကြောင့်သာ အသင်းနဲ့လမ်းခွဲဖို့ဖြစ်လာခဲ့ရတာလို့ မာကာသတင်းစာနဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။

Photo Credit : Live Sport Centre

အသက်(၂၀)အရွှယ်သာရှိသေးတဲ့ လူငယ်ကစားသမားလေး ဖာရန်တောရက်စ်ဟာ ဗလင်စီယာလူငယ်အသင်းကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး ဆာနေးကို ဘိုင်ယန်အသင်းဆီ ရောင်းချခဲ့ပြီးနောက် တောင်ပံကစားသမားတစ်ယောက် အလိုရှိနေတဲ့ မန်စီးတီးအသင်းဆီကို ပေါင်(၂၁)သန်းဝန်းကျင်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ မန်စီးတီးကစားသမားတစ်ယောက် ဖြစ်လာရခြင်းအပေါ် အရမ်းကို ဝမ်းမြောက်နေခဲ့ပေမယ့် သူအသက်ငယ်ငယ်လေးကတည်းက ပါဝင်ကစားခဲ့တဲ့ ဗလင်စီယာအသင်းကနေ ထွက်ခွာသွားဖို့ ဆန္ဒပြင်းပြနေတာမျိုးမဖြစ်ခဲ့ပဲ အသင်းဘက်ကနေသာ သူ့ကို ဆက်မထိန်းချင်တော့လို့သာ အသင်းနဲ့လမ်းခွဲခဲ့တာလို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Marca

ဖာရန်တောရက်စ်က “သေချာတာပေါ့။ ကျွန်တော်အသင်းမှာ ဆက်ပြီးနေချင်ခဲ့တာပါ။ ဘယ်လိုအခြေအနေနဲ့ပဲဖြစ်ဖြစ် ရှေ့ဆက်သွားချင်တာပါ။ အသင်းက ဒီနောက်ပိုင်းတော့ အသင်းရည်မှန်းချက်အတိုင်း အမြင့်ကို ထပ်မလာနိုင်တော့ပါဘူး။ ဥရောပက အသင်းကြီးတွေလို တန်းတူဖြစ်မလာတော့ဘူးဆိုတာကိုလည်း ကျွန်တော်သိပါတယ်။ ဒါပေမယ့် အသင်းရဲ့စီမံကိန်းနဲ့အတူ အသင်းကို ဦးဆောင်သွားချင်တာ။ သို့ပေမယ့်လည်း သူတို့တွေက ကျွန်တော့်ကို ဆက်လက်ထိန်းသိမ်းထားချင်စိတ် မရှိကြတော့ဘူးလေ။ ဒါတွေအားလုံးက မန်စီးတီးကြောင့်ပဲ အဆုံးသတ်သွားခဲ့တာပါ။ ပထမတော့ မန်စီးတီးက ကျွန်တော့်ကို ခေါ်ယူဖို့ အသင်းဆီ လှမ်းဆက်သွယ်ခဲ့တယ်။ နောက်ပြီး ကျွန်တော်က စီးတီးနဲ့ စကားပြောပြီးနောက် အသင်းနဲ့ ဘာမှသဘောမတူညီရသေးခင်ပဲ ကျွန်တော်နဲ့ မန်စီးတီးကြားမှာ သဘောတူမှုကို ရယူနိုင်ခဲ့ပါတယ်” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ ဖာရန်တောရက်စ်ဟာ အသင်းဟောင်းနဲ့ လစာကိစ္စ အဆင်မပြေမှု အသင်းခေါင်းဆောင်နဲ့ ဆက်ဆံရေးပိုင်း မပြေလည်မှုတွေ ရှိခဲ့ပေမယ့်လည်း သူဟာ ဗလင်စီယာပရိသတ်တစ်ယောက်ဖြစ်လို့ အသင်းကို ထာဝရချစ်နေမှာဖြစ်သလို တချိန်မှာ အသင်းဆီကို ပြန်သွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။