ပြင်သစ်အင်အားကြီး အသင်း တစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အဓိက ကွင်းလယ်လူ ဗာရက်တီကတော့ သူ့အနေနဲ့ လက်ရှိ ခြေသလုံး ကြွက်သား ဒဏ်ရာကြောင့် အနားယူနေရပေမယ့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယှဉ်ပြိုင် ကစားရမယ့် ချန်ပီယံလိဂ်ဖိုင်နယ် ပွဲစဉ်မှာ ပါဝင် ကစားနိုင်ဖို့ အတွက် ဘာမဆို လုပ်သွားမယ်လို့ ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ အသင်းရဲ့သမိုင်း တစ်လျှောက် ပထမဦးဆုံးအကြိမ် အဖြစ် ချန်ပီယံလိဂ် ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပြီး ဖိုင်နယ်မှာတော့ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းဖြစ်တဲ့ ဂျာမန် ဘီလူးကြီး ဘိုင်ယန်မြူးနစ် အသင်းနဲ့ ရင်ဆိုင် ကစားရမှာဂဖြစ်တာကြောင့် အဆိုပါပွဲစဉ်ဟာ အတော်လေး ကြည့်ကောင်းမယ့် ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာ အသေအချာပါပဲ။

Photo Credit: Fot Mob

ပီအက်စ်ဂျီအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ ရင်ဆိုင် ယှဉ်ပြိုင်ကြမယ့် ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်ကိုတော့ တနင်္ဂနွေနေ့ည မြန်မာစံတော်ချိန် ည ၁နာရီ ၃၀မိနစ် အချိန်မှာ ကျင်းပသွားမှာ ဖြစ်ပြီး Estadio da Luz ကွင်းကြီးထဲမှာ ယှဉ်ပြိုင် ကစားကြမှာပဲ ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်အတွက်တော့ ဘိုင်ယန်မြူးနစ်အသင်းမှာ ဒဏ်ရာရ ကစားသမား ရှိမနေပဲ လူစုံတက်စုံ ပါဝင် ကစားပေးနိုင်မှာ ဖြစ်ပြီး ပီအက်စ်ဂျီ အသင်းဘက်မှာတော့ အဓိက ကွင်းလယ်လူ ဗာရက်တီက ဒဏ်ရာပြဿနာကြောင့် ပါဝင် ကစားနိုင်ဖို့ မသေချာသလို တိုက်စစ်မှူး အမ်ဘာပေဟာလည်း ကြံ့ခိုင်မှု မပြည့်ဝသေးပါဘူး။ ဒါပေမယ့် ဗာရက်တီ ကတော့ သူ့အနေနဲ့ ဒဏ်ရာကနေ ပြန်လည် သက်သာလာနေပြီ ဖြစ်ကာ ဖိုင်နယ်မှာ ဝင်ရောက် ကစားနိုင်ဖို့ ဘာမဆို လုပ်သွားမယ် လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Fot Mob

ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဝင်ရောက် ကစားနိုင်ဖို့ အတွက် ဘာမဆို လုပ်သွားမယ့် အကြောင်းကို ဗာရက်တီက ” ကျွန်တော်က ပြန်ပြီး သက်သာလာနေပါပြီ။ အခုဆိုရင် အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေကိုလည်း ဖြေးဖြေးချင်း လုပ်ဆောင်နေပါတယ်။ ကျွန်တော်က အုပ်စုလိုက် လေ့ကျင့်ခန်းတွေကို လုပ်ဆောင်နေတာ ၂ရက် ၊ ၃ရက်လောက် ရှိပါပြီ။ ဒီတော့ ဖိုင်နယ်မှာ ဝင်ရောက် ကစားနိုင်ဖို့ အတွက် ဘာမဆို လုပ်ဆောင် သွားမှာပါ။ ကျွန်တော်ဟာ ဆီမီးဖိုင်နယ် ပွဲစဉ်ကိုလည်း ဝင်ရောက် ကစားနိုင်မယ့် အနေအထားမှာ ရှိခဲ့ပါတယ်။ ဒါပေမယ့် နည်းပြ ကတော့ ကျွန်တော့်ကို အနားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ် ” လို့ ပြောကြားသွားခဲ့တာပါ။