မနေ့ညက ကျင်းပသွားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ လီဗာပူးလ်ရဲ့ အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့တဲ့ လူစားဝင်တိုက်စစ်ကစားသမား ဒီယေဂိုဂျိုတာဟာ အခုလတ်တလောမှာ အသင်းအတွက် အကောင်းဆုံးခြေစွမ်းတွေ ပြသထားနိုင်ခဲ့ပြီး သွင်းဂိုးတွေလည်း ဆက်တိုက်သွင်းယူနေတာကြောင့် မကြာခင်မှာပဲ တိုက်စစ်ကစားသမား ရောဘတ်တိုဖာမီနိုရဲ့နေရာကိုပါ လုယူလာဖွယ်ရှိတယ်လို့ ဂရေမီဆောင်းနက်စ်က သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit: Daily Mail

အသက်(၂၃)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမားဂျိုတာဟာ ဒီနှစ်ဘောလုံးရာသီကမှ ဝုလ်ဗ်အသင်းကနေ လီဗာပူးလ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ(၉)ပွဲမှာ (၃)ပွဲသာ ပွဲထွက်ကစားခဲ့ရပေမယ့် သွင်းဂိုး(၄)ဂိုး ရယူနိုင်ခဲ့ကာ အဲ့ဒီဂိုးတွေထဲကမှ ရှက်ဖီးနဲ့ပွဲ ဝက်စ်ဟမ်းနဲ့ပွဲတွေမှာ သွင်းယူခဲ့တဲ့ ဂိုးတွေကတော့ သူရဲ့လီဗာပူးလ်အတွက် အရမ်းကို အဖိုးတန်ခဲ့ရတဲ့ အနိုင်ဂိုးတွေ ဖြစ်ခဲ့ရပါတယ်။ ကစားသမားသစ်ဂျိုတာက အခုလို ခြေစွမ်းတွေ ပြနေပေမယ့်လည်း အသင်းတိုက်စစ်ကစားသမား ဖာမီနိုကတော့ သွင်းဂိုးတွေ ကျဆင်းလာခဲ့ရခဲ့တဲ့အပြင် ဝက်စ်ဟမ်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာလည်း ဂိုးကန်သွင်းချက်ရော အခွင့်အရေးဖန်တီးမှုမှာပါ တစ်ကြိမ်မှကို မပြုလုပ်နိုင်ခဲ့ပါဘူး။

Photo Credit: Daily Mail

လက်ရှိမှာလည်း လီဗာပူးလ်အသင်းပရိသတ်များစွာက အသင်းရဲ့တိုက်စစ်မှာ ခြေမမှန်ဖြစ်နေရတဲ့ ဖာမီနိုအစား အသင်းကို အတော်လေး အကျိုးပြုနေတဲ့ ဂျိုတာကိုပဲ အစားထိုးအသုံးပြုလာဖို့ တိုက်တွန်းပြောဆိုမှုတွေ လုပ်ဆောာင်လာခဲ့သလို Sky Sports ရုပ်သံလိုင်းမှာ ဘောလုံးအကြောင်း သုံးသပ်သူအဖြစ် ဆောင်ရွှက်နေတဲ့ လီဗာပူးလ်ဂန္တဝင်ကစားသမားဟောင်းကြီး ဂရေမီဆောင်းနက်ကိုယ်တိုင်ကပါ ဂျိုတာက ဖာမီနိုနေရာကို အလျင်အမြန် စိန်ခေါ်လာနိုင်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။ ဆောင်းနက်စ်က “ကျွန်တော်ကတော့ ဒီကစားသမားက ပွဲထွက်ကစားသမားအဖြစ်နဲ့ ဖာမီနိုရဲ့နေရာကို အလျင်အမြန်ပဲ စိန်ခေါ်လာနိုင်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။ ဘာကြောင့် မဖြစ်လာနိုင်ရမှာလဲ။ သူဂိုးတွေ သွင်းယူနေတယ်။ သူက ဝုလ်ဗ်မှာကစားတုန်းကဆိုရင်လည်း (၃)ပွဲလောက်မှာ အနည်းဆုံး(၁)ဂိုးတော့ သွင်းယူနိုင်တယ်လေ။ အခုဆို သူက ပိုကောင်းတဲ့ အသင်းတစ်သင်းဆီကို ရောက်ရှိနေပါပြီ။ ဒါကြောင့် ဒီထက်မက ပိုပြီးတိုးတတ်လာသင့်ပါတယ်။ ကျွန်တော်ကတော့ သူ့ကို အတော်လေး သဘောကျနေပါတယ်။ အသက်ကလည်း (၂၃)နှစ်လေးပဲ ရှိနေသေးတယ်။ သူက ပိုကောင်းလာဖို့ ရှိပါတယ်” လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။