မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ နည်းပြ မော်ရင်ဟိုရဲ့ စပါးအသင်းဟာ အသင်းရဲ့ တောင်ပံ ကစားသမားဟောင်း ဂါရတ်ဘေးလ်ကို ပြန်လည် ခေါ်ယူနိုင်ခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ လီဗာပူးလ်အသင်းနဲ့ အတူ အင်အား အတောင့်ဆုံး တိုက်စစ်တွဲကို ပိုင်ဆိုင်ထားတယ်လို့ ပြောသွားခဲ့ပါတယ်။ ဝေးလ် လက်ရွေးစင် အသင်းရဲ့ တောင်ပံ ကစားသမား ဂါရတ်ဘေးလ်ဟာ စပါးအသင်းကနေ ထွက်သွားခဲ့တာ (၇) နှစ် ကြာပြီးတဲ့နောက် လာလီဂါ ကလပ် ရီးရဲလ်အသင်းကနေ ပရီးမီးယားလိဂ် ကလပ် အသင်းဟောင်း စပါးအသင်းကို ရာသီရှည် အငှား စာချုပ်နဲ့ နောက်ထပ် တစ်ကြိမ် ပြန်လည် ပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ဂါရတ်ဘေးလ်ဟာ စပါးအသင်းမှာ ကစားခဲ့စဉ်က လျှင်မြန်တဲ့ ပြေးအားကြောင့် စပါး ပရိသတ်တွေရဲ့ အသည်းခိုက် ကစားသမား ဖြစ်ခဲ့ပြီး စပါးအသင်းကို ပြန်ရောက်လာတဲ့ အချိန်မှာတော့ တိုက်စစ်မှူး ဟယ်ရီကိန်း၊ တောင်ပံ ကစားသမား ဆွန်ဟောင်မင်တို့နဲ့ တွဲကစားရတော့မှာ ဖြစ်ပါတယ်။ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင် နဲ့ ဂါရတ်ဘေးလ်တို့ရဲ့ တိုက်စစ်အတွဲဟာ လီဗာပူးလ်အသင်းရဲ့ ဆာလတ်၊ ဖာမင်နို နဲ့ မာနေးတို့ရဲ့ တိုက်စစ်အတွဲလို့ ကောင်းလာနိုင်ချေ ရှိနေပြီး ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ စပါးအသင်းဟာ  လီဗာပူးလ်အသင်းနဲ့ အတူ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အင်အား အတောင့်ဆုံး တိုက်စစ်တွဲကို ပိုင်ဆိုင်ထားတယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

ဘာဘာတော့ဗ်က “ဘေးလ်၊ ကိန်း၊ ဆွန်၊ ဒယ်လီအယ်လီ နဲ့ စပါး နည်းပြတွေက ဒီတိုက်စစ်တွဲကို ကောင်းစွာ အသုံးချနိုင်ပါလိမ့်မယ်။ နည်းပြ မော်ရင်ဟိုက အသင်းကို ဘယ်လို အသုံးပြုမလဲ ဆိုတာ မေးခွန်းထုတ်ချင်စရာ ဖြစ်ပါတယ်။ ဒီဟာက ဖြေဖို့ ခက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း  ဒီတိုက်စစ်တွဲက ဂိုးသွင်းနိုင်သူတွေ နဲ့ ကြယ်ပွင့် ကစားသမားတွေ ဖြစ်ကြတယ် ဆိုတာကို သက်သေပြခဲ့ပြီးကြပါပြီ။ ဒါကြောင့်မို့ ဒီဟာက ကောင်းမွန်တဲ့ ပြဿနာ ဖြစ်ပါတယ်။ ကစားသမားစာရင်းအရ စပါးအသင်းက လီဗာပူးလ်အသင်းနဲ့ အတူ လိဂ်မှာ အင်အား အတောင့်ဆုံး တိုက်စစ်တွဲကို အခု ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် စပါးရဲ့ တိုက်စစ်တွဲက တစ်ကြိမ်မှ အတူ မကစားကြရသေးပါဘူး။ ဒီတော့ သူတို့ ဘယ်လို ကစားကြမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရပါလိမ့်မယ်။ စပါး ကစားသမားတွေက အချင်းချင်း သိပြီးသား ဖြစ်တော့ သူတို့အနေနဲ့ ဘေးလ်နဲ့ ဘယ်လို လျှင်မြန်စွာ တွဲကစားနိုင်မလဲ ဆိုတာကို သင်ယူဖို့ပဲ လိုအပ်ပါတယ်။ ဘေးလ်က ကိန်း၊ ဆွန်တို့နဲ့ ကစားရမှာက အတော် ကောင်းပါလိမ့်မယ်။ ဘေးလ်က ဟယ်ရီ ကိန်း နဲ့ အခြား စပါး ကစားသမားတွေကို စာပို့ပြီးနေလောက်ပါပြီ။ သူတို့နဲ့ တွဲကစားဖို့ ကစားပြောပြီး နေလောက်ပါပြီ”လို့ ပြောခဲ့ပါတယ်။