ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဒီမာရီယာက သူ့ရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်သူ ရိုနယ်ဒိုဟာ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့လာဖို့ စိတ်ဝင်စားနေကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုဟာ ကစားသမားဘဝ နောက်ဆုံးအချိန် အပိုင်းအခြားကို ရောက်ရှိနေသူ ဖြစ်ပေမယ့် ယခုအချိန် အထိ သူ့ရဲ့ ဂိုးသွင်းနှုန်းဟာ ကျဆင်းခြင်း မရှိသေးသလို ဥရောပရဲ့ ထိပ်တန်း တိုက်စစ်မှူး တဦး အဖြစ် သတ်မှတ်ခံထားရဆဲ ဖြစ်ပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အမြောက်အမြား ရှိနေဆဲ ဖြစ်ပြီး အဆိုပါအသင်းတွေ အနက် ဒီမာရီယာရဲ့ ပီအက်စ်ဂျီအသင်းကလည်း ပါဝင်နေပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ယခုနှစ် နွေဈေးကွက် အပြောင်းအရွှေ့ အတွင်းမှာ ရိုနယ်ဒိုရဲ့ မဟာပြိုင်ဘက် ဖြစ်သူ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပေမယ့် အသင်းရဲ့ လူငယ် တိုက်စစ်မှူး အမ်ဘာပေ တယောက် အသင်းကနေ ထွက်ခွာခဲ့ပါက ရိုနယ်ဒိုကို ခေါ်ယူဖို့ စီစဉ်နေတာပါ။

Photo Credit: Standard

ဒီမာရီယာကတော့ သူဟာ ရိုနယ်ဒိုနဲ့ အဆက်အသွယ် မပြတ်ပဲ ရှိနေသလို ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်း ကနေ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း ဆိုပါတယ်။ ဒီမာရီယာက – “ရိုနယ်ဒိုဟာ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတာ ကြာပါပြီ” လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့အတူ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်တာကြောင့် ပီအက်စ်ဂျီအသင်းဟာ သူ့ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ရှိနေသလို ယခုနှစ် နွေဈေးကွက် အတွင်းမှာ ခေါ်ယူချင်ပါကလည်း ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းနဲ့ ယူရို ၆၀သန်းကြားသာ သုံးစွဲရနိုင်ပါတယ်။