စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ် အတွက် ကစားပေးနေတဲ့ ဒီမာရီယာက သူ့ရဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ မန်စီးတီးကို အနိုင်ရပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်လိမ့်မယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။

လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ မန်ချက်စတာ စီးတီးတို့က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ထိပ်တိုက် တွေ့ဆုံနေကြပြီး ပထမအကျော့ အဖြစ် ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်း ဘာနေဗျူးမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ တဖက် တဂိုးစီနဲ့ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit: Mirror

ဒါကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ စီးတီးတို့က ဗိုလ်လုပွဲဆီ ဘယ်အသင်း တက်နိုင်မှာလဲ ဆိုတဲ့ မေးခွန်းကို စီးတီးရဲ့ အိမ်ကွင်းဖြစ်တဲ့ အီတီဟတ်မှာ အဖြေထုတ်ရတော့မှာ ဖြစ်ပြီး ဘောလုံးရေးရာ ကျွမ်းကျင်သူ အများစုကတော့ အင်္ဂလန်မြေမှာ ကစားရမယ့် ပွဲစဉ်မှာ အိမ်ရှင် မန်ချက်စတာ စီးတီးက ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူကာ ပြီးခဲ့တဲ့နှစ်ရဲ့ ရှုံးကြွေးကို လက်စားပြန်ချေလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို မန်ချက်စတာ ယူနိုက်တက်မှာ ကစားခဲ့စဉ်က မန်ချက်စတာ စီးတီးကို ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ဒီမာရီယာကတော့ ရီးရဲလ်မက်ဒရစ်ဟာ အင်္ဂလန်မြေမှာ မန်ချက်စတာ စီးတီးကို အနိုင်ရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Photo Credit: Eurosport

ဒီမာရီယာက – “ကျွန်တော်ကတော့ ရီးရဲလ်မက်ဒရစ်ဟာ မန်ချက်စတာ စီးတီးကို အနိုင်ရသွားလိမ့်မယ်လို့ ထင်ပါတယ်။ ပြီးတော့ ရီးရဲလ်မက်ဒရစ်ကပဲ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံ ထပ်ဖြစ်လာပါလိမ့်မယ်” လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားကာ မန်ချက်စတာ စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ဒုတိယအကျော့ပွဲကို ခန့်မှန်းသွားခဲ့တာပဲ ဖြစ်ပါတယ်။

မန်ချက်စတာ စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ယှဉ်ပြိုင် ကစားကြမယ့် ဒုတိယအကျော့ ပွဲစဉ်ကိုတော့ လာမယ့် မေလ ၁၈ရက်နေ့ မနက် ၁နာရီခွဲမှာ ကျင်းပသွားမှာပါ။