ဂျုဗင်တပ်စ်အသင်းရဲ့နည်းပြဖြစ်သူ မာရီဆီယိုဆာရီက သူ့အသင်းမှာ ဒိတ်ဒိတ်ကြဲဲ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ ပေါ်လိုဒီဘားလားတို့ကို ပိုင်ဆိုင်ထားရတာကြောင့် ပျော်ရွှင်မိပေမယ့်လည်း အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ တိုက်စစ်ပိုင်းအတွက် ဒီကစားသမားနှစ်ယောက်ကို အတူတကွ ပူးတွဲအသုံးပြုဖို့က သူ့အတွက် ဆုံးဖြတ်ရ ခက်ခဲလွန်းလှတယ်လို့ ညည်းတွားပြောဆိုလာခဲ့ပါတယ်။

Photo Credit : Sportskeeda

တိုက်စစ်ကစားသမားဒီဘားလားဟာ ဂျုဗင်တပ်စ်အသင်းကို ရော်နယ်ဒိုမရောက်ရှိလာခင်က အသင်းရဲ့ အဓိကတိုက်စစ်မှူးအဖြစ် ရပ်တည်ခဲ့သူဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ သွင်းဂိုး(၂၆)ဂိုးအထိကို သွင်းယူခဲ့ပေမယ့် ရော်နယ်ဒိုရောက်လာပြီးနောက်မှာတော့ သွင်းဂိုးက (၁၀)ဂိုးအထိကို ကျဆင်းလာခဲ့ပါတယ်။ ဒီရာသီမှာလည်း ရော်နယ်ဒိုကပဲ သွင်းဂိုး(၂၁)ဂိုးနဲ့ ဂျုဗင်တပ်စ်ရဲ့ သွင်းဂိုးအများဆုံးသူအဖြစ် ရပ်တည်နေပေမယ့် ဒီဘားလားကတော့ အသင်းအတွက် ပွဲထွက်ခွင့်လည်း နည်းခဲ့ရသလို သွင်းဂိုး(၇)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : News1 English

ဒီကစားသမားနှစ်ယောက်ကို တွဲဖက်အသုံးပြုရဖို့ ခက်ခဲနေရတဲ့အကြောင်းကို ဆာရီက “ဒီဘားလားက တကယ့်ကို ထူးခြားတဲ့ ကစားသမားကောင်းတစ်ယောက်ပါ။ ဒါကြောင့်လည်း သူနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့နှစ်ယောက်ကို တစ်ပွဲတည်းမှာ အတူတွဲဖက်ကစားဖို့ဆိုတာက ခက်ခဲစေရတာပါ။ ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်က ပုံစံတူကစားနေကြတဲ့အခါမှာ ကျန်တဲ့အသင်းသားတွေက သူတို့နဲ့ အဆင်ပြေအောင် လိုက်ကြိုးစားကစားရတာ ခက်ခဲပါတယ်။ တိုက်စစ်ရော ခံစစ်ရော လိုက်လံကစားရမှာ ခက်ခဲနိုင်ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဂျုဗင်တပ်စ်အသင်းဟာ သူတို့ရဲ့ တိုက်စစ်ကစားသမား ဒီဘားလားကို တစ်နှစ်လုပ်ခ ယူရို(၁၂)သန်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ရှိနေပေမယ့် တစ်ဖက်မှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ တိုက်စစ်မှူးရော်နယ်ဒိုက လာမယ့်ရာသီမှာ ဂျုဗင်တပ်စ်အသင်းကနေ ထွက်ခွာဖို့ အစီအစဉ်ရှိနေသလို ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ သိရပါတယ်။