လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမား မိုဟာမက်ဆာလာကတော့ ဒီရက်ပိုင်းလေးမှာ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောဆိုမိတဲ့ စကားလုံးတချို့ကြောင့် အနာဂတ်အခြေအနေတွေက လှုပ်ခတ်လာခဲ့ရပြီး လာမယ့်နွေစျေးကွက်လောက်မှာပဲ အသင်းကနေ ထွက်ခွာသွားဖွယ်ရှိတယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေက မြင့်တတ်လာခဲ့သလို အသင်းဘက်ကနေလည်း သူတို့ရဲ့ကြယ်ပွင့်ကစားသမားဆာလာကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားမှာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Sun

တကယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေတဲ့အတိုင်း ဆာလာသာ အသင်းကနေ ထွက်ခွာသွားခဲ့မယ်ဆိုရင် သူရဲ့နေရာအတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပြင်သစ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ကင်စလေကိုးမန်းကို ခေါ်ယူအားဖြည့်သင့်တယ်လို့ လီဗာပူးလ်ရဲ့ ကွင်းလယ်ကစားသမားဟောင်း ဟာမန်းက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ဟာမန်းက “လက်ရှိကမ္ဘာပေါ်က အကောင်းဆုံး တောင်ပံကစားသမားနှစ်ယောက်ဆိုရင်တော့ အာဆင်နယ်ကစားသမားဟောင်း နာဘရီနဲ့ ကင်စလေကိုးမန်းတို့ကို ရွေးချယ်ချင်ပါတယ်”

Photo Credit : The Sun

“သူတို့နှစ်ယောက်လုံးက ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာချင်နေသလားဆိုရင်တော့ ကျွန်တော်ကတော့ မထင်ပါဘူး။ ဒါပေမယ့် သင်တို့လည်း မသိနိုင်ဘူးလေ။ ဆာလာအနေနဲ့လည်း အင်တာဗျူးထဲမှာ တစ်ခုခုကို သူပြောဆိုခဲ့တာလား စပိန်မြေကို သွားချင်နေတာလားဆိုတာကိုလည်း ကျွန်တော်မသိနိုင်ဘူး။ တကယ်လို့ သူသာ အသင်းကနေ ထွက်ခွာချင်တယ်ဆိုရင်တော့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က စိတ်ဝင်စားကြမှာ အမှန်ပါပဲ။ တကယ်လို့ ကစားသမားတစ်ယောက်က အသင်းကနေ ထွက်ခွာချင်နေတယ်ဆိုရင် သင့်အနေနဲ့ အဲ့ဒီကစားသမားကို လက်လွတ်လိုက်တာ အကောင်းဆုံးပါပဲ။ သူက အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတယ်ဆိုရင်လည်း နွေစျေးကွက်လောက်မှာပဲ အသင်းကနေ ထွက်ခွာနိုင်ပါတယ်။ ဂျာမနီနဲ့ပြင်သစ်ဘက်မှာတော့ တကယ့်ကို အရည်အသွေးမြင့် ကစားသမားကောင်းတွေ ရှိနေပါတယ်။ အသင်းဘက်မှာလည်း ဆာလာနေရာမှာ အစားထုုိးဖို့အတွက် လျာထားတဲ့ ကစားသမားတွေ ရှိနေမှာပါ။ လက်ရှိကမ္ဘာပေါ်မှာ အကောင်းဆုံး တောင်ပံကစားသမားဆိုရင် ကျွန်တော်ကတော့ ကိုးမန်းကို ရွေးချယ်ချင်တယ်။ ဆာလာသာ အသင်းကနေ ထွက်ခွာဖြစ်မယ်ဆိုရင်တော့ ကိုးမန်းလို ကစားသမားမျိုးနဲ့ ပြန်လည်အစားထိုးတာက အကောင်းဆုံးပါပဲ။ ဒါပေမယ့် ဘယ်ကစားသမားပဲ ခေါ်ခေါ် အမြန်ဆုံးလုပ်ဆောင်ဖို့တော့ လိုအပ်ပါမယ်။