မန်ချက်စတာ ယူနိုက်တက် ၊ အသက်လက်တီကို မက်ဒရစ် ၊ ဗီလာရီးယဲလ်နဲ့ အင်တာမီလန်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပြီး ဥရုဂွေးအသင်းရဲ့ ထိပ်တန်း ကစားသမားတစ်ဦးလည်း ဖြစ်ခဲ့တဲ့ တိုက်စစ်ကစားသမားဟောင်းကြီး ဒီယေဂို ဖော်လန်ဟာ လက်ရှိမှာတော့ ပရော်ဖက်ရှင်နယ် တင်းနစ်လောကထဲကို စတင် ဝင်ရောက်သွားပါတော့မယ်။

အသက် (၄၅)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဘောလုံးသမားဟောင်းကြီး ဖော်လန်ဟာ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်ကမှ ဘောလုံးသမားဘဝနေ တရားဝင် အနားယူထားခဲ့တာဖြစ်ပြီး (၅)နှစ်ခန့်အကြာမှာပဲ တင်းနစ်အားကစားသမားအဖြစ် ပြောင်းလဲ လုပ်ဆောင်လာခဲ့ပါတယ်။

Photo Credit : The New York Times

ဖော်လန်ဟာ ယူနိုက်တက်အသင်းနဲ့အတူ ဥရောပ ဘောလုံးနယ်ပယ်မှာ စတင် ခြေချလာခဲ့ရင်းနဲ့ အသင်းမှာ ပုံမှန် နေရာရဖို့ ခက်ခဲရင်းကနေ ဗီလာရီးယဲလ်ဆီ ရောက်သွားခဲ့ရာ စပိန်မြေမှာတော့ ဖော်လန်ရဲ့ ကစားသမားဘဝက မထင်မှတ်ထားလောက်အောင် တောက်ပလာခဲ့ရပါတယ်။ ဗီလာရီးယဲလ်မှာ အောင်မြင်ခဲ့တဲ့ ဖော်လန်ဟာ အသက်လက်တီကိုနဲ့ အင်တာတို့မှာလည်း ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းခဲ့ပါတယ်။

အဲ့ဒီနောက်ကနေ ဘရာဇီးလိဂ် ဂျပန်လိဂ် ဥရုဂွေးလိဂ်တွေကနေ ဟောင်ကောင်လိဂ်နဲ့ အိန္ဒိယလိဂ်တွေအထိပါ သွားရောက်ကစားခဲ့ပြီး ဘောလုံးသမားဘဝကို နိုင်ငံပေါင်းစုံမှာ ကျင်လည် ဖြတ်သန်းခဲ့တဲ့ ဖော်လန်ဟာ ဟောင်ကောင်ကလပ် ကစ်ချီအသင်းမှာ ဘောလုံးသမားဘဝကို အနားယူသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Sky Sports

၂၀၂၃ ဇူလိုင်လမှာတော့ ဖော်လန်ဟာ တင်းနစ်အားကစားကို စတင် ကစားလာခဲ့ပြီး ITF Masters ပရော်ဖက်ရှင်နယ် တင်းနစ်ပွဲစဉ်တွေထဲ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး သူရဲ့ တင်းနစ်ကစားသမားဘဝကို စတင်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ ဖော်လန်ဟာ တင်းနစ်အားကစားကို ပရော်ဖယ်ရှင်နယ်မျိုး ကစားရတာ မဟုတ်သေးဘဲ အခုမှသာ ဆင်နွဲရမှာ ဖြစ်ပါတယ်။

ဖော်လန် ပါဝင်ရမယ့် တင်းနစ်ပြိုင်ပွဲကတော့ ဥရုဂွေးအိုးပင်း တင်းနစ်ပြိုင်ပွဲဖြစ်ပြီး ဒီပြိုင်ပွဲမှာ ဖော်လန်က သူရဲ့ ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမား ပွဲဦးထွက်အဖြစ် ဆင်နွဲသွားရမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးကို အာဂျင်တီးနားရဲ့ နာမည်ကြီး တင်းနစ်ကစားသမား မာတင် ဒယ်လ်ပေါ်ထရိုကလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။