အခု ဇန်နဝါရီ စျေးကွက်အတွင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့ စီစဉ်လျက်ရှိနေတဲ့ အာဆင်နယ်အသင်းဟာ ဖီအိုရင်တီးနားအသင်းရဲ့ ဆာဘီးယား တိုက်စစ်မှူးလေး ဒူဆန်ဗလာဟိုဗစ်ကို အဓိက ပစ်မှတ်ထားနေပေမယ့် ခေါ်ယူနိုင်ဖို့က မလွယ်ကူတာကြောင့် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်းလည်းဖြစ်ပြီး လက်ရှိမှာ အသင်းလက်မဲ့လည်း ဖြစ်လို့နေတဲ့ စပိန်ဝါရင့် တိုက်စစ်ကစားသမားကြီး ဒီယေဂိုကော်စတာကို ချိတ်ဆက်မှုတွေ လုပ်ဆောင်လာခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : The Mirror

အာဆင်နယ်အသင်းဟာ အသင်းမှာ No.9 Role ဖြစ်တဲ့ အထောင်တိုက်စစ်နေရာအတွက် ဗလာဟိုဗစ်ကို ပစ်မှတ်ထားခဲ့ပြီး ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်ခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က အာဆင်နယ်ကို ပြောင်းရွှေ့လာဖို့ ဆန္ဒမရှိတဲ့အတွက် နောက်ထပ် ပစ်မှတ်အနေနဲ့ ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ကော်စတာကို ချိတ်ဆက်လာခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ်ကလပ် အသက်လက်တီကိုမင်နဲရိုးနဲ့ ဆုဖလား အောင်မြင်မှုတွေကို ရယူနိုင်ခဲ့တဲ့ ဝါရင့်တိုက်စစ်မှူးကြီး ကော်စတာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ (၇)ရက်နေ့မှာပဲ မင်နဲရိုးအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီး Free Agent ကစားသမားအဖြစ် တဖန်ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : talkSPORT

ကော်စတာကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ခေါ်ဆောင်ချင်နေတဲ့ အာဆင်နယ်အသင်းဟာ အသင်းရဲ့ အထောင်တိုက်စစ်ကစားသမားဖြစ်တဲ့ အူဘာမီယန်းကို အသင်းခေါင်းဆောင် တာဝန်ကနေ ဖယ်ရှားပြီးနောက်ပိုင်း အသင်းမှာ အသုံးပြုတော့ခြင်း မရှိသလို အာဖရိကပြိုင်ပွဲကနေ ပြန်လည်ရောက်ရှိလာချိန်မှာလည်း နေရာပေးဖို့က မသေချာသေးတဲ့အပြင် လက်ရှိ အသင်းတိုက်စစ်မှာ ဦးဆောင်နေရတဲ့ လာကာဇက်မှာလည်း အသင်းနဲ့ အနာဂတ်က မရေမရာ ဖြစ်နေတာကြောင့်မို့ တိုက်စစ်ပိုင်းအတွက် ကစားသမားသစ် တစ်ဦးဦးကို မဖြစ်မနေ အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီ့အတွက်လည်း အာဆင်နယ်အသင်းက ဗလာဟိုဗစ်ကို အရခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေနိုင်ခဲ့တာကြောင့် တိုက်စစ်ပိုင်းအတွက် ရေတိုဖြေရှင်းနိုင်ဖို့ ကော်စတာကို ဆက်သွယ်လာခဲ့ရတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ကော်စတာ မင်နဲရိုးအသင်းဆီ မပြောင်းရွှေ့ခင်မှာလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။ လက်ရှိ စပိန်နို်င်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ ကော်စတာဆီကို အာဆင်နယ်အသင်းဘက်ကနေ တရားဝင် ကမ်းလှမ်းထားခြင်း မရှိသေးပဲ ကမ်းလှမ်းလာခဲ့ရင် ကော်စတာဘက်ကနေ လက်ခံသွားနိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။