အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား ဒီယေဂိုကော်စတာဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အသင်းအတွက် ပွဲအနည်းငယ်ကိုသာ ပါဝင်ကစားထားနိုင်ခဲ့ပေမယ့်လည်း လာမယ့်နှစ် ဖေဖော်ဝါရီလအတွင်းမှာ သူရဲ့အသင်းဟောင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်တွေ့ဆုံသွားရမယ့် ချန်ပီယံလိဂ်ပွဲစဥ်ကိုတော့ ပါဝင်ကစားရနိုင်ဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

‘Photo Credit : TEAMtalk

အသက်(၃၂)နှစ်အရွယ်ရှိ စပိန်လက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမားကြီး ဒီယေဂိုကော်စတာဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ကြွက်သားဒဏ်ရာအပြင် ​PVT လို့ခေါ်တဲ့ တင်ပဆုံနဲ့ ခြေထောက်တို့မှာ အဖြစ်မ​ျားလေ့ရှိတဲ့ ပသ်မသွေးလွှတ်ကြော သွေးခဲမှုဝေဒနါကိုပါ ခံစားနေရတာကြောင့် အသက်လက်တီကိုရဲ့ ပွဲစဥ်တော်တော်များများကို လွဲချော်ခဲ့ရပြီး အခုချိန်ထိ လာလီဂါ(၅)ပွဲကိုသာ ပါဝင်ကစားထားခဲ့ရပါတယ်။ ကော်စတာဟာ ကြွက်သားဒဏ်ရာကြောင့် လာလီဂါနဲ့ ချန်ပီယံလိဂ်ပွဲပေါင်း (၆)ပွဲအထိ လွဲချော်ခဲ့ရပြီး ဒဏ်ရာကနေ သက်သာလာချိန်မှာလည်း ခြေထောက်သွေးခဲ ဝေဒနါ​ကြောင့်ပါ ပြိုင်ပွဲစုံပွဲပေါင်း(၇)ပွဲ လွဲချော်ခဲ့ရပါသေးတယ်။

Photo Credit : Sky Sports

ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဒီယေဂိုကော်စတာဟာ ဒဏ်ရာအခြေအနေတွေကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်ပြီး အသင်းနဲ့လည်း လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်လို့ သူရဲ့အသင်းဟောင်း ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဥ်ကိုလည်း ပါဝင်ကစားရဖွယ် ရှိနေပါတယ်။ ကော်စတာဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး သူရဲ့ကြံခိုင်ရေးပိုင်း အခြေအနေတွေနဲ့ သွင်းဂိုးပိုင်း ကျဆင်းလာမှုတွေကြောင့် အသင်းဘက်ကနေ သူနဲ့လက်တွဲဖြုတ်ဖို့ ပြင်ဆင်နေပေမယ့်လည်း ကော်စတာကတော့ စာချုပ်ကုန်ဆုံးချိန်ထိ အသင်းမှာ ဆက်ရှိနေချင်တာကြောင့် ရာသီအကုန်အထိ အသင်းမှာပဲ ဆက်မြင်နေရဖို့ များနေပါတယ်။ ဒါကြောင့်လည်း ကော်စတာအနေနဲ့ ချယ်လ်ဆီးနဲ့ ပြန်လည်ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဥ်ကို အသက်လက်တီကိုဘက်ကနေ ပါဝင်ကစားရနိုင်ပြီး အသင်းဟောင်းရဲ့ ချန်ပီယံလိဂ်ပြေးလမ်းကိုလည်း အဟန့်အတားဖြစ်အောင် ဖန်တီးနိုင်ဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ကော်စတာဟာ ဒီရာသီမှာ သူရင်ဆိုင်နေရတဲ့ ဒဏ်ရာပြသာနာတွေ​ကြောင့် အသင်းရဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဥ်အားလုံးကို လွဲချော်ခဲ့ရပြီး ချယ်လ်ဆီးနဲ့ပွဲစဥ်မှသာ စတင်ကစားရဖွယ် ရှိနေပါတယ်။