MySport Myanmar

ဗယ်လက်ကာနို တိုက်စစ်မှာ ဖယ်ကာအိုနဲ့ ပြန်လည် တွဲဖက်ရဖွယ် ရှိနိုင်တဲ့ ကော်စတာ

လက်ရှိအချိန်မှာ free agent player တစ်ယောက်ဖြစ်နေရတဲ့ စပိန်လက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမားကြီး ဒီယေဂိုကော်စတာဟာ လတ်တလောမှာတော့ ဥရောပဘောလုံးနယ်ပယ်ထဲ ပြန်လည်ဝင်ရောက်လာဖွယ် ရှိနေရပြီး စပိန်လာလီဂါကလပ် ဗယ်လက်ကာနိုအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်လျက် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

ချယ်လ်ဆီး အသက်လက်တီကိုမက်ဒရစ်နဲ့ စပိန်လက်ရွေးစင်အသင်းတို့ရဲ့ ကစားသမားဟောင်းဖြစ်သူ ကော်စတာဟာ ၂၀၂၂ခုနှစ် နှစ်အစပိုင်းမှာကတည်းက အသင်းလက်မဲ့ ဖြစ်နေရပြီး ကလပ်အသင်းများစွာနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ရပေမယ့်လည်း လက်ရှိအချိန်ထိတော့ free agent ကစားသမားသာ ဖြစ်နေရပါတယ်။ ဒါပေမယ့် ကော်စတာဟာ သိပ်မကြာခင်မှာပဲ လာလီဂါကလပ် ဗယ်လက်ကာနိုအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်တော့မှာ ဖြစ်တယ်လို့ စပိန်ထိပ်သီး သတင်းစာ Marca ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : 90Min

တကယ်လို့ ဒီအပြောင်းအရွှေ့သာ ဖြစ်ပေါ်လာခဲ့မယ်ဆိုရင် တစ်ချိန်က အသက်လက်တီကို ချယ်လ်ဆီးအသင်းတွေမှာ တွဲဖက်ခဲ့ဖူးသူ တိုက်စစ်ကစားသမားကြီးတွေဖြစ်တဲ့ ရာဒါမယ်လ်ဖယ်ကာအိုနဲ့ ဒီယေဂိုကော်စတာတို့ တိုက်စစ်အတွဲအဖက်ကို ပြန်လည် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဒီကစားသမားနှစ်ဦးလုံးက အသက်အရွှယ်အရ အကျဘက်ကို ရောက်ရှိနေပြီ ဆိုပေမယ့်လည်း သူတို့ရဲ့ အတွေ့အကြုံကောင်းတွေက ဗယ်လက်ကာနိုအသင်းအတွက် အထောက်အကူ ပြုစေမှာတော့ သေချာနေပါတယ်။ ဗယ်လက်ကာနိုအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက လာလီဂါ အမှတ်ပေးဇယားမှာ အဆင့်(၁၂)နေရာ ရပ်တည်နိုင်ခဲ့ပြီး တိုက်စစ်မှူးကြီး ဖယ်ကာအိုကလည်း အသင်းအတွက် (၆)ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဈေးကွက်အတွင်း ကော်စတာကိုပါ ထပ်မံ ခေါ်ယူလိုက်နိုင်မယ်ဆိုရင်တော့ ဖယ်ကာအို-ကော်စတာ အတွဲအဖက်က လာလီဂါအသင်းတွေရဲ့ ခံစစ်ပိုင်းတွေအတွက် သတိထားစရာ ဖြစ်လာနိုင်ပါတယ်။ ကော်စတာဟာ စပိန်လာလီဂါပြိုင်ပွဲမှာ ပွဲပေါင်း(၂၀၅)ပွဲ ပါဝင်ကစားထားခဲ့ပြီး စုစုပေါင်း (၇၃)ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်လို့ ဒီလို လာလီဂါ အတွေ့အကြုံရင့် တိုက်စစ်ကစားသမားကြီးကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဗယ်လက်ကာနိုအသင်းအတွက် အကောင်းဆုံး ခေါ်ယူမှုတစ်ခု ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။

Exit mobile version