ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ ခပ်သွက်သွက် ဝင်ရောက်လှုပ်ရှားလျက် ရှိနေတဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းဟာ ကစားသမားသစ်(၂)ဦးကို ခေါ်ယူလို့အပြီး နောက်ထပ် ကစားသမားသစ်တစ်ဦးအဖြစ် ဆီဗီလာနောက်ခံကစားသမား ဒီယေဂိုကားလို့စ်ကို ပစ်မှတ်ထား ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာခဲ့ရာ အခုဆိုရင်တော့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ ရယူသွားနိုင်ခဲ့ပြီလို့ သိရှိရပါတယ်။

Photo Credit : Daily Express

နယူးကာဆယ်အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ အသက်လက်တီကို ညာနောက်ခံကစားသမား ကီရန်ထရစ်ပီယာနဲ့ တန်းဆင်းဇုန်ပြိုင်ဘက် ဘန်လေအသင်းရဲ့ နယူးဇီလန် တိုက်စစ်မှူးကြီး ခရစ္စဝုဒ်တို့ကို ခေါ်ယူထားပြီးနောက်မှာ တတိယမြောက် ကစားသမား ခေါ်ယူမှုအဖြစ် ဆီဗီလာ နောက်ခံလူ ဒီယေဂိုကားလို့စ်ကို ပစ်မှတ်ထား ကြိုးပမ်းခဲ့ပေမယ့် ဆီဗီလာဘက်ကတော့ နယူးကာဆယ်ရဲ့ ကမ်းလှမ်းမှုတွေ အကြိမ်ကြိမ်တိုင် ပယ်ချလျက် ရှိနေပါတယ်။ ဒါပေမယ့်လည်း ကစားသမားကိုယ်တိုင်ကတော့ နယူးကာဆယ်က တန်းဆင်းဇုန်အတွင်းကို ရောက်ရှိနေသည့်တိုင် အသင်းရဲ့ ပရောဂျက်တွေကို သဘောကျတာကြောင့်နဲ့ သူရဲ့ လုပ်လစာကလည်း (၃)ဆနီးပါးလောက် တိုးသွားမှာဖြစ်လို့ အသင်းပြောင်းချင်နေပြီး နယူးကာဆယ်နဲ့ပါ (၅)နှစ်စာချုပ်ထိ ချုပ်ဆိုသွားဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုပါ ရယူထားနိုင်ခဲ့ပြီလို့ သတင်းထွက်လာခဲ့ပါတယ်။

Photo Credit : Twitter

ဒီလို ကစားသမားနဲ့ သဘောတူညီမှု ရယူထားနိုင်ခဲ့တဲ့ နယူးကာဆယ်အသင်းဟာ ကားလို့စ်ကို အသင်းဆီ အရခေါ်ယူနိုင်ဖို့အတွက် သူရဲ့ကလပ် ဆီဗီလာအသင်းနဲ့ ပြောင်းရွှေ့ကြေးပိုင်းကိုသာ ဆက်လက်ညှိနှိုင်းရတော့မှာဖြစ်ပြီး ဆီဗီလာဘက်ကတော့ သူတို့ကစားသမားအတွက် နယူးကာဆယ်က နောက်ဆုံးအကြိမ် ကမ်းလှမ်းလို့ထားတဲ့ ယူရို(၃၅)သန်းကို လက်ခံသွားဖို့ ဆန္ဒမရှိပဲ ယူရိုသန်း(၅၀)ဝန်းကျင်လောက်နဲ့ ကမ်းလှမ်းစေချင်နေပါတယ်။ ဆီဗီလာအသင်းဟာ ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းကလည်း အသင်းနဲ့ နောက်ခံကစားသမား ခွန်ဒဲလ်ကို ချယ်လ်ဆီးအသင်းဘက်ကနေ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာခဲ့တဲ့အပေါ် အခုလို ကစားသမားရဲ့ တန်ကြေးထက် မြင့်မားစွာ တောင်းဆိုမှုတွေကြောင့် အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ရဖူးပါတယ်။ ဒါပေမယ့် နယူးကာဆယ်အသင်းကတော့ အားနည်းနေတဲ့ ခံစစ်ပိုင်းကို အားဖြည့်တင်းဖို့အတွက် အသက်(၂၈)နှစ်အရွှယ် ဘရာဇီးလ် ဗဟိုနောက်ခံကစားသမားကို အလိုရှိနေပြီး ကားလို့စ်ကိုယ်တိုင်ကပါ သူ့ကို နယူးကာဆယ်အသင်းဆီ ပြောင်းရွှေ့ခွင့်ပေးဖို့ ဆီဗီလာအသင်းကို တောင်းဆိုထားတယ်လို့ သိရှိထားရပါတယ်။