ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား လူးဝစ် ဒီယက်ဇ်က သူတို့အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ၃ပွဲ ကစားထားရာ နိုင်ပွဲ တပွဲမှ မရသေးပဲ ၂ပွဲသရေ ၁ပွဲရှုံး ရလဒ်ကို ရထားတာကြောင့် ခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေရကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ယမန်နှစ် ဘောလုံးရာသီမှာ ပရီးမီယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်၂နေရာအပြင် ပြည်တွင်း ဆုဖလား ၂လုံးကိုပါ သိမ်းပိုက်နိုင်ခဲ့တဲ့ လီဗာပူးက ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံဆုကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံထားရတဲ့ အသင်းတသင်း ဖြစ်ပေမယ့် ရာသီအစပွဲတွေမှာ ရမှတ် ၂မှတ်သာ စုဆောင်းထားနိုင်ပါတယ်။

Photo Credit: Marca

လီဗာပူးက ရာသီအဖွင့်ပွဲတွေမှာ ဖူလ်ဟမ် ၊ ခရစ္စတယ် ပဲလေ့စ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ၃သင်းဆက် ရင်ဆိုင် ကစားခဲ့ရာ ဖူလ်ဟမ်နဲ့ ခရစ္စတယ် ပဲလေ့စ်တို့ကို သရေ ၊ မန်ချက်စတာ ယူနိုက်တက်ကို ရှုံးနိမ့်ထားတာကြောင့် လာမယ့် ဘုန်းမောက်နဲ့ ပွဲစဉ်မှာ မဖြစ်မနေ ရလဒ်ကောင်း တခု ရယူနိုင်ဖို့ အရေးကြီးနေပြီး လီဗာပူးရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ လူးဝစ် ဒီယက်ဇ်ကလည်း သူတို့ဟာ မျှော်မှန်းထားတဲ့ ရာသီအဖွင့်ကို မရခဲ့တာကြောင့် လာမယ့်ပွဲတွေမှာ ပုံစံကောင်းတွေ ပြန်ရအောင် ကြိုးစားဖို့ လိုအပ်နေပြီလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca

ဒီယက်ဇ်က – “ကျွန်တော်တို့အတွက် ခက်ခဲတဲ့ ရာသီအစပါပဲ။ ပြီးတော့ ကျွန်တော်တို့တွေ မျှော်မှန်းထားသလို ရလဒ်ကောင်းတွေ မရယူနိုင်သေးပါဘူး။ ကျွန်တော်တို့က ကစားတဲ့ ပွဲတိုင်းမှာ ရမှတ် ၃မှတ် လိုချင်တဲ့ အသင်းပါ။ အခုလို ရလဒ်တွေ ဆိုးဝါးနေတာက ကစားသမားတွေ အတွက်ရော နည်းပြအတွက်ပါ ပြဿနာ တခု ဖြစ်နေပြီလို့ မပြောချင်ပေမယ့် ကျွန်တော်တို့ အားလုံးက ဒီထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်တယ် ဆိုတာ ယုံကြည်ထားပါတယ်။ အခုက က ကျွန်တော်တို့တွေ အနေနဲ့ ကိုယ့်အလုပ် ကိုယ်လုပ်ရမယ့် အချိန်ပါ။ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် လေ့ကျင့်မယ်။ ကောင်းကောင်း အနားယူမယ်။ ပြီးတော့ လာမယ့်ပွဲအတွက် ပြင်ဆင်မှုတွေ လုပ်ရပါမယ်။ ကျွန်တော်တို့က ရမှတ်တွေ စုဆောင်းလာနိုင်တာနဲ့ ကောင်းမွန်တဲ့ အဖွင့်တခုကို ရသွားမှာပါ” လို့ ပြောကြားသွားခဲ့တာပါ။

လီဗာပူးက လာမယ့် စနေနေ့ည ၈နာရီခွဲ အချိန်မှာတော့ ဩဂုတ်လရဲ့ နောက်ဆုံးပွဲ အဖြစ် ဘုန်းမောက်ကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။