ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း ဖြစ်တဲ့ မန်စီးတီး အသင်းဟာ သူတို့အသင်းရဲ့ အဓိက အားနည်းချက် တစ်ခုလို ဖြစ်နေတဲ့ ဗဟို ခံစစ် နေရာ အတွက် ပေါ်တူဂီ ထိပ်သီးကလပ် ဘင်ဖီကာ အသင်းရဲ့ ဗဟို နောက်ခံလူ ရူဘင် ဒိုင်ယက်ကို ခေါ်ယူ အားဖြည့် နိုင်တော့မယ် လို့ ဥရောပ အခြေစိုက် သတင်းဌာန အများစုက ဖော်ပြ သွားကြပါတယ်။ အသက် ၂၃ နှစ် သာ ရှိသေးတဲ့ ပေါ်တူဂီ ခံစစ်မှူး ရူဘင် ဒိုင်ယက်ဟာ ဘင်ဖီကာ အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား ဖြစ်ပြီး ဗဟိုခံစစ်ရဲ့ ဘယ် ၊ ညာ နှစ်နေရာ စလုံးမှာ အံဝင်အောင် ကစားနိုင်သူ ဖြစ်တာကြောင့် မန်စီးတီး အသင်းရဲ့ လက်ရှိ အားထားရတဲ့ ခံစစ်မှူး နှစ်ဦး ဖြစ်တဲ့ နသန်အကီ ၊ လာပေါ့တ် နှစ်ဦးစလုံးနဲ့ တွဲဖက် ကစားနိုင်စွမ်း ရှိသူ တစ်ဦးပါ။

Photo Credit: Metro

မန်စီးတီး အသင်းဟာ သူတို့ အသင်းရဲ့ အားနည်း နေတဲ့ ဗဟိုခံစစ် အတွက် နာပိုလီ ခံစစ်မှူး ကူလီဘလီနဲ့ ဆီဗီးလား ခံစစ်မှူး ကူအန်ဒီတို့ကို ခေါ်ယူဖို့ ကြိုးစား ခဲ့ပေမယ့် အဆင်မပြေတဲ့ အဆုံးမှာ ရူဘင်ဒိုင်ယက်ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ဒိုင်ယက်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး အရရော ဘင်ဖီကာ အသင်းနဲ့ပါ သဘောတူညီမှု ရရှိခဲ့တာပါ။ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ မန်စီးတီး အသင်းဟာ ရူဘင် ဒိုင်ယက် အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၅ သန်းနဲ့ အသင်းရဲ့ ခံစစ်မှူး တစ်ဦး ဖြစ်တဲ့ အော်တာမန်ဒီကို အလိုက်ပေး ရမယ် လို့ သိရှိရပြီး ဒိုင်ယက်ဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၅ ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ် ချုပ်ဆိုမှာ ဖြစ်သလို အော်တာမန်ဒီကလည်း ဘင်ဖီကာ အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ သက်တမ်း ရှိမယ့် စာချုပ် ကို ချုပ်ဆိုမှာပါ။

Photo Credit: Metro

လက်ရှိမှာ အဆိုပါ သတင်းနဲ့ ပတ်သတ်ပြီး အသင်းနှစ်သင်း စလုံးက အတည်ပြု ထားခြင်း မရှိပေမယ့် နာမည်ကြီး သတင်းထောက် ဖြစ်သူ Fabrizio Romano ကတော့ ဒိုင်ယက်ဟာ မကြာမီမှာပဲ အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့ကို လာရောက်ကာ ဆေးစစ်မှုတွေ လုပ်ဆောင်တော့မယ် လို့ အတည်ပြု သွားခဲ့ပါတယ်။ ဒါ့အပြင် ဒိုင်ယက်ရဲ့ အတူနေ ချစ်သူ ဖြစ်တဲ့ လီဗီဟာ ရူဘင် ဒိုင်ယက်နဲ့ အတူ ခရီးတစ်ခု သွားနေတဲ့ပုံကို သူမရဲ့ လူမှုကွန်ယက် အကောင့်မှာ တင်ထားပြီး အဆိုပါ ဓာတ်ပုံဟာ ဒိုင်ယက်တစ်ယောက် မန်ချက်စတာမြို့ဆီ သွားရောက်နေတဲ့ အကြောင်းကို အသိပေးတဲ့ ဓာတ်ပုံ ဖြစ်ကြောင်း ဥရောပ ဘောလုံး ကျွမ်းကျင်သူတွေက တညီတညွတ်ထဲ ဆိုသွားကြပါတယ်။ ဒါ့ကြောင့် မကြာခင်မှာတော့ ပေါ်တူဂီ ခံစစ်မှူး ရူဘင်ဒိုင်ယက်ကို မန်စီးတီး အသင်းရဲ့ မိုးပြာရောင် ဝတ်စုံနဲ့ မြင်တွေ့ ရတော့မှာ ဖြစ်ကြောင်း အသိပေး တင်ပြ လိုက်ရပါတယ်…။