ပြီးခဲ့တဲ့နွေစျေးကွက်ကတည်းက အတ္တလန်တာအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ခွင့်ရခဲ့ပေမယ့်လည်း အလုပ်ပါမစ်ကိစ္စရပ်တွေကြောင့် ချက်ချင်းအသင်းပြောင်းလို့ မရနိုင်သေးတဲ့အတွက် ဆောင်းစျေးကွက်အထိ စောင့်ဆိုင်းလိုက်ရတဲ့ လူငယ်ကြယ်ပွင့်ကစားသမားလေး အာမတ်ဒီအာလိုထရာအိုရေးဟာ အခုတော့ ယူနိုက်တက်အသင်းရဲ့ တရားဝင်ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပြီး အသင်းဟောင်းဘက်က ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူချင်နေပေမယ့်လည်း သူကတော့ ယူနိုက်တက်မှာပဲ ပါဝင်ကစားသွားဖွယ်သာ ရှိနေပါတယ်။

Photo Credit : Manchester Evening News

အသက်(၁၈)နှစ်အရွှယ်သာရှိသေးတဲ့ အိုင်ဗရီကို့စ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမားလေး အာမတ်ထရာအိုရေးဟာ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်လေးတစ်ယောက်ဖြစ်ပြီး နွေစျေးကွက်အတွင်းကမှ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို(၂၁)သန်း (အားလုံးအပြီးအစီးဆိုရင် ယူရို(၃၆)သန်းခန့်ရှိ)နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပေမယ့်လည်း သူရဲ့အသင်းဟောင်း အတ္တလန်တာဘက်ကနေ သူ့ကို ဒီနှစ်ဘောလုံးရာသီအကုန်လောက်အထိ အသင်းမှာ ဆက်ထားထားချင်နေတဲ့အတွက် ယူနိုက်တက်ဘက်ကို အငှားနဲ့ကမ်းလှမ်းဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

Photo Credit : Daily Express

တကယ်တော့ ထရာအိုရေးဟာ ဒီနှစ်ဘောလုံးရာသီမှာလည်း အတ္တလန်တာအသင်းအတွက် မိနစ်အနည်းငယ်လေးသာ ပါဝင်ကစားထားခဲ့ရတာဖြစ်ပေမယ့်လည်း လက်ရှိအချိန်မှာ အသင်းရဲ့ ဝါရင့်တောင်ပံကစားသမား ပါပီဂိုးမက်ဇ်က အသင်းနည်းပြနဲ့ အဆင်မပြေဖြစ်နေတဲ့အတွက် ဂိုးမက်ဇ်ကိုသာ အသင်းကနေ ရောင်းချဖြစ်ခဲ့မယ်ဆိုရင် သူရဲ့နေရာမှာ အစားထိုးနိုင်ဖို့အတွက် ထရာအိုရေးကို အသင်းမှာ ဆက်ထိန်းထားချင်တာဖြစ်ပါတယ်။ ဒါပေမယ့် နာမည်ကျော် ဘောလုံးဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဖာဘရီဇီယိုရိုမာနိုရဲ့ တွစ်တာမှာ ဖော်ပြထားတာကတော့ ယူနိုက်တက်အသင်းဘက်ကနေ ထရာအိုရေးကို အသင်းမှာ တစ်ခါတည်း အသုံးပြုသွားဖို့ အစီအစဉ်တွေ ရှိနေတဲ့အပြင် ကစားသမားကိုယ်တိုင်ကလည်း အသင်းသစ်မှာပဲ အမြန်ဆုံးပါဝင်ကစားသွားဖို့ စိတ်အားထက်သန်နေတဲ့အတွက် အတ္တလန်တာဘက်က ကမ်းလှမ်းမှုဟာ အဆင်ပြေဖွယ် မရှိနိုင်ဘူးလို့ သိရပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ကလည်း လက်ကျန်ဘောလုံးရာသီအတွင်း ပြိုင်ပွဲအားလုံးကို ဝင်ရောက်ဆင်နွဲရဦးမှာဖြစ်တဲ့အတွက် အသင်းရဲ့လူအင်အားကို တောင့်တင်းနေဖို့ လိုအပ်တဲ့အပြင် တောင်ပံတိုက်စစ် ကစားသမားတွေကိုလည်း အမှန်တကယ် အလိုရှိနေတာဖြစ်လို့ ထရာအိုရေးကို ယူနိုက်တက်စီနီယာအသင်းမှာသာ တစ်ခါတည်း နေရာပေးဖွယ် ရှိနေပါတယ်။