ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံး နေ့ရက်မှာ ဘောလုံး ပရိသတ်တွေ မထင်မှတ် ထားတဲ့ အပြောင်းအရွှေ့ တစ်ခုဟာ ဖြစ်ပေါ်ခဲ့ပါတယ်။ အဆိုပါ အပြောင်းအရွှေ့ ကတော့ ပရီးမီးယားလိဂ် နာမည်ကြီး ကလပ် မန်ယူအသင်းဟာ အတ္တလန်တာ အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား အာမတ် ထရာအိုရေး ကို ခေါ်ယူခဲ့တဲ့ အပြောင်းအရွှေ့ပဲ ဖြစ်ပါတယ်။ ထရာအိုရေးဟာ အပြောင်းအရွှေ့ နောက်ဆုံး နေ့ရက် မတိုင်မီမှာ အတ္တလန်တာအသင်း ကနေ ပါးမားအသင်းကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ ကစားခွင့် စီစဉ်ထားသူ ဖြစ်ပြီး နောက်ဆုံး နေ့ရက်မှာတော့ မန်ယူအသင်းဆီက ကမ်းလှမ်းမှု ရရှိခဲ့တာကြောင့် မန်ယူအသင်းထံ ပြောင်းရွှေ့ခဲ့သူ တစ်ဦးပါ။

Photo Credit: Tutto Sport

မန်ယူအသင်းဟာ အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ်ကြယ်ပွင့် ထရာအိုရေးအတွက် အတ္တလန်တာ အသင်းကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၂၅သန်း + အပိုဆုကြေး ယူရို ၁၅ သန်း ပေးချေရမှာ ဖြစ်ကာ ၅နှစ် စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရခဲ့တာလည်း ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ထရာအိုရေးကို နွေရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံး နေ့ရက်မှာ ခေါ်ယူနိုင်ခဲ့ပေမယ့် အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ လုံးပမ်းခဲ့ရတာကြောင့် ထရာအိုရေးကို ဆေးစစ်မှုတွေ မပြုလုပ်ခဲ့ရပဲ ယနေ့မှာတော့ အီတလီ နိုင်ငံ ဘာဂါမိုမြို့မှာ ထရာအိုရေးကို တရားဝင် စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း အီတလီ သတင်းဌာန တစ်ခုဖြစ်တဲ့ Tutto Sport သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ဒါ့အပြင် ထရာအိုရေးဟာ မန်ယူအသင်းနဲ့ အမြန်ဆုံး ပူးပေါင်းနိုင်ဖို့အတွက် လည်း စာရွက်စာတမ်းတွေ လုပ်ဆောင်နေတယ် လို့ သိရပါတယ်။

Photo Credit: Tutto Sport

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ထရာအိုရေးဟာ မန်ယူအသင်းထံ ပြောင်းရွှေ့ ကစားဖို့ သဘောတူညီမှု ရခဲ့ပေမယ့် သူ့မှာ အင်္ဂလန်နိုင်ငံဆီ သွားရောက်ဖို့ နိုင်ငံကူး လက်မှတ် မရှိသလို အင်္ဂလန်နိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်လည်း မရရှိတာကြောင့် လာမယ့် ဇန်နဝါရီလ ရောက်မှသာ မန်ယူအသင်းနဲ့ တရားဝင် ပူးပေါင်းနိုင်မှာလည်း ဖြစ်ပါတယ်။ အီတလီ သတင်းဌာနတွေရဲ့ အဆိုအရတော့ ထရာအိုရေးဟာ ဇန်နဝါရီလထက် စောပြီး မန်ယူအသင်းထံ ရောက်ရှိနိုင်ဖွယ် ရှိပြီး လက်ရှိမှာတော့ မန်ယူအသင်းရဲ့ တာဝန်ရှိသူ တချို့ဟာ ထရာအိုရေးအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ရဖို့ လုပ်ကိုင်နေကြောင်း သိထား ရပါတယ်။ မန်ယူအသင်းနဲ့ နီးစပ်သူတွေ ကတော့ ထရာအိုရေးဟာ မန်ယူအသင်းဆီ မလာခင်မှာ အတ္တလန်တာ လူငယ်အသင်းမှာ ဆက်ပြီး ကစားသွားမှာ ဖြစ်ကြောင်း ဖွင့်ဟ ထားကြပါတယ်။