MySport Myanmar

ဝေဖန်မှုတွေ ခံနေရတဲ့ နီကိုးလပ်စ် ဂျက်ဆင်အပေါ် ယုံကြည်မှုပေးရမယ်လို့ ဒီမက်တီယို ဆို

အခွင့်အရေး အသုံးမချနိုင်မှုတွေ ဂိုးပေါက်လွဲချော်မှုတွေ ရှိခဲ့တာကြောင့် ဝေဖန်ပြစ်တင်မှုတွေ ကြုံတွေ့နေရတဲ့ ချယ်လ်ဆီးအသင်း တိုက်စစ်ကစားသမား နီကိုးလပ်စ် ဂျက်ဆင်အပေါ် ယုံကြည်မှုတွေ ပေးသွားရမယ်လို့ ချယ်လ်ဆီးရဲ့ ကစားသမားဟောင်းနဲ့ နည်းပြဟောင်း ရောဘတ်တို ဒီမက်တီယိုက သုံးသပ်ပြောဆိုလိုက်ပါတယ်။

အသက်(၂၃)နှစ်အရွယ် ဆီနီဂေါလက်ရွေးစင် တိုက်စစ်မှူး ဂျက်ဆင်ဟာ မနှစ်ကမှ ချယ်လ်ဆီးအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ ချယ်လ်ဆီးကစားသမားဘဝ ပွဲဦးထွက် ဘောလုံးရာသီမှာပဲ အသင်းအတွက် ပြိုင်ပွဲစုံ (၁၇)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပေမယ့် ဂိုးသေချာပေါက် ရနိုင်မယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ ဝေဖန်မှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

Photo Credit : Football London

ဒီရာသီမှာလည်း ဂျက်ဆင်က ပရီးမီးယားလိဂ် (၉)ဂိုးအထိ သွင်းယူထားနိုင်ပြီ ဖြစ်ပေမယ့်လည်း big chances missed မှာဆိုရင် (၁၄)ကြိမ်အထိပါ ရှိနေရပြီး ဒါဟာ ဝက်ကင်းစ်နဲ့ ဟာလန်းတို့ပြီးနောက် ဒီရာသီထဲ ပရီးမီးယားလိဂ်မှာ အခွင့်အရေး လွဲချော်မှု အများဆုံး တတိယနေရာအထိပါ ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဂျက်ဆင်နဲ့ ပတ်သက်ပြီး ချယ်လ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူထားနိုင်ခဲ့တဲ့ နည်းပြဟောင်း ဒီမက်တီယိုက “ကျွန်တော်ကတော့ ဂျက်ဆင်ကို သဘောကျတယ်။ နည်းပြတွေက သူ့ကို ဘာကြောင့် သဘောကျရတာလဲ ဆိုတာကိုပါ ကျွန်တော် နားလည်နိုင်တယ်။ ဒီရာသီထဲမှာလည်း သူက ဂိုးအနည်းငယ်ကို သွင်းယးထားနိုင်တယ်။”

Photo Credit : Opta Analyst

“ပြီးခဲ့တဲ့ ရာသီတုန်းကတော့ သူဟာ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေကိုပါ ခံခဲ့ရပါသေးတယ်။ သူက လူငယ်ကစားသမားတစ်ဦး ဖြစ်နေတာမို့ အင်္ဂလိပ်ဘောလုံးလောကနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ အံ့ဝင်ခွင်ကျ ဖြစ်လာဖို့ အချိန်ယူရပါမယ်။ သူက အသင်းအတွက်ကိုလည်း အလုပ်ကြိုးစားမှုတွေ အရမ်းလုပ်ခဲ့တယ်။ အသင်းလိုက် pressing စပြီဆိုရင် သူက ဒါကို အရင်ဆုံး အကောင်းဆုံး လုပ်ဆောင်နိုင်တယ်။”

“သူက တကယ်ကို တစ်ကိုယ်ကောင်းမဆန်တဲ့ ကစားသမားမျိုးပါ။ တစ်ရာသီ ဂိုး(၂၀)သွင်းယူဖို့ဆိုတာကတော့ အချိန်ခဏလောက် ယူပြီးရင် ဖြစ်လာနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်မိတယ်။ ဒီရာသီထဲမှာလည်း အခွင့်အရေး ရှိနေပါသေးတယ်။ ကျွန်တော်တို့တွေ သူ့ကို ဆက်လက်ပြီး ယုံကြည်မှုပေးသွားရပါလိမ့်မယ်။” လို့ သုံးသပ် ပြောကြားသွားခဲ့ပါတယ်။

Exit mobile version