ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းနဲ့ နည်းပြဟောင်း ရောဘတ်တို ဒီမက်တီယိုက လီဗာပူးလ်အသင်းရဲ့ အီတလီ တောင်ပံကစားသမား ဖက်ဒရစ်ကို ခီယေဆာနဲ့ ပတ်သက်ပြီး ခီယေဆာဟာ လီဗာပူးလ်အတွက် အရေးအပါဆုံး ကစားသမားတစ်ဦး ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။

အီတလီ လက်ရွေးစင်အသင်းနဲ့အတူ ယူရို-၂၀၂၀ပြိုင်ပွဲမှာ တောက်ပခဲ့တဲ့ ဘယ်တောင်ပံကစားသမား ခီယေဆာဟာ ၂၀၂၂ခုနှစ် နှစ်စပိုင်းမှာပဲ ACL ထိသွားခဲ့ရလို့ လအတန်ကြာ အနားယူခဲ့ရသလို ဒဏ်ရာကနေ သက်သာလာလို့ ဂျုဗင်တပ်စ်အတွက် ပြန်ကစားပေးချိန်မှာလည်း နဂိုခြေစွမ်းတွေ ပျောက်ဆုံးသွားခဲ့ရပါတယ်။

Photo Credit : Eurosport

တဖြည်းဖြည်းနဲ့ ဂျုဗင်တပ်စ်မှာပါ နေရာပျောက်လာရတဲ့ ခီယေဆာက ဒီနွေမှာတော့ လီဗာပူးလ်ဆီ ပေါင်(၁၀)သန်းဝန်းကျင်နဲ့ ရောက်လာခဲ့ရပေမယ့် သူရဲ့ fitness ပိုင်း အခြေအနေတွေအရ ပွဲကစားခွင့်တွေ များများစားစား မရနိုင်သေးဘဲ ရာသီဝက်အတွင်း ပြိုင်ပွဲစုံ (၈)ပွဲလေးသာ ကစားထားရပါတယ်။

ဒါပေမယ့် ခီယေဆာနဲ့ ပတ်သက်ပြီး တစ်နိုင်ငံတည်းသားဖြစ်တဲ့ ဒီမက်တီယိုက “သူအောင်မြင်လိမ့်မယ်လို့ ကျွန်တော် လုံးဝ တစ်ထစ်ချ ယုံကြည်ပါတယ်။ သူက အကောင်းဆုံး အီတလီ ကစားသမားတွေထဲက တစ်ယောက်ပါ။ ဒဏ်ရာတွေကြောင့်သာ သူ့ခြေစွမ်းက ကျဆင်းသွားခဲ့ရတာ။ သူ့ကစားသမားဘဝတစ်လျှောက်မှာ ဒဏ်ရာက အနည်းငယ်လေးပဲ ရခဲ့ဖူးတာ။”

Photo Credit : Liverpool FC

သူက ကြံခိုင်မှု အပြည့်ရှိနေမယ် နောက်ပြီး အမြဲတမ်းလည်း fit ဖြစ်နေမယ်ဆိုရင် ပွဲတွေလည်း ကစားနေရမယ်ဆိုရင်တော့ သူက ထိပ်တန်းကစားသမား ဖြစ်လာမှာ။ လီဗာပူးလ်က ဘာကြောင့် သူ့ကို ခေါ်ခဲ့သလဲဆိုတာ ကျွန်တော် နားလည်နိုင်တယ်။ ဒါက တကယ်ကို ထိပ်တန်းအပြောင်းအရွှေ့ပါ။ လီဗာပူးလ်ကလည်း ဒီရာသီမှာ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ဖလားတွေမှာ စိန်နိုင်ခေါ်နိုင်တဲ့ အသင်းကောင်းတစ်သင်းပါ။ အာနယ် ဆလော့ကတော့ ခီယေဇာဟာ မိုဆာလာ ဒီးယက်ဇ်တို့နဲ့ ကစားခွင့်အတွက် အပြိုင်အဆိုင် ဖြစ်နေရတာမို့ အသင်းမှာ ကစားရဖို့က မလွယ်ကူပါဘူး။”

“သူက အခု လက်ကျန်ရာသီဝက်မှာ အသင်းကို ပိုကူညီပေးနိုင်ပါလိမ့်မယ်။ အခုဆို သူက ပိုကောင်းလာပါပြီ။ ပွဲအနည်းငယ်လည်း ကစားနေရပြီ။ သူ ကြံခိုင်မှုသာ ကောင်းနေမယ်ဆိုရင် သူက ထိပ်တန်းကစားသမား ဖြစ်နေမှာ။ မိုဆာလာရဲ့ နေရာကို ဘယ်သူအစားဝင်နိုင်မလဲဆိုတော့ ဒါက ခက်ခဲပါတယ်။ သူကလည်း မိုဆာလာနေရာကို ဝင်ရောက်ဖို့ မလွယ်ကူနိုင်ပေမယ့် အသင်းအတွက်ကိုတော့ ကောင်းကောင်းကြီး အကျိုးပြုပေးနိုင်ပါမယ်။ လီဗာပူးလ်အတွက် တကယ်ကောင်းတဲ့ ကစားသမားတစ်ဦး ဖြစ်လာနိုင်ပါမယ်။ ပြိုင်ပွဲတွေကလည်း အများကြီး ကစားရဦးမှာမို့ ပွဲကစားခွင့်တွေ ပိုရလာဖို့လည်း မျှော်လင့်ပါတယ်။ အင်္ဂလန်က ဘောလုံးပရိသတ်တွေကတော့ သူ့အကြောင်းကို သိပ်မသိကြပေမယ့် ကျွန်တော်ကတော့ ဒီကစားသမားကို အရမ်းသဘောကျပါတယ်။” လို့ ပြောဆိုသွားပါတယ်။