အာဂျင်တီးနား ဝါရင့် တောင်ပံကစားသမားကြီး အိန်ဂျယ်ဒီမာရီယာဟာ အခုဆိုရင် သူနဲ့ တစ်ချိန်က မန်ချက်စတာယူနိုက်တက်အသင်းမှာ လက်တွဲခဲ့ကြဖူးတဲ့ နည်းပြကြီး လူးဝစ်ဗန်ဟားလ်နဲ့ ပြိုင်ဘက်တွေအဖြစ် ပြန်လည် ရင်ဆိုင်ရတော့မှာဖြစ်ပြီး ဗန်ဟားလ်ကိုလည်း ဒီမာရီယာက သူနဲ့ အလုပ်တွဲလုပ်ဖူးတဲ့ နည်းပြတွေထဲမှာ အဆိုးရွှားဆုံးသော နည်းပြတစ်ဦးလို့ပါ သတ်မှတ် ပြောဆိုထားခဲ့ဖူးပါတယ်။

Di Maria takes swipe at Van Gaal and explains why he left Manchester United - Manchester Evening News

Photo Credit : Manchester Evening News

လက်ရှိမှာ အသက်(၃၄)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ အာဂျင်တီးနားလက်ရွေးစင် တောင်ပံကစားသမားကြီး ဒီမာရီယာဟာ လွန်ခဲ့တဲ့ ၂၀၁၄ခုနှစ်ကပဲ ရီးယဲလ်မက်ဒရစ်ကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန် ယူနိုက်တက်နဲ့ လက်တွဲခဲ့တဲ့ နည်းပြကြီး ဗန်ဟားလ်က ဒီမာရီယာကို ယူနိုက်တက်ဆီ ခေါ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်မှာ ထိပ်တန်းကစားသမားတွေသာ အစဉ်တစ်ိုက် ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၇)ကို ဝတ်ဆင်ခဲ့ရတဲ့ ဒီမာရီယာဟာ ယူနိုက်တက် ပရိသတ်များစွာရဲ့ မျှော်လင့်ချက် အထားခံရဆုံး ကစားသမား ဖြစ်ပေမယ့်လည်း အသင်းမှာ တစ်ရာသီသာ ကစားခဲ့ရပြီး နောက်ရာသီမှာတော့ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ဖြစ်ခဲ့ရပါတယ်။

Louis van Gaal accuses Ángel Di María of not taking responsibility | Manchester United | The Guardian

Photo Credit : The Guardian

ကစားသမားဘဝအတွင်း အကောင်းဆုံးသော စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တဲ့ ဒီမာရီယာဟာ ပရီးမီးယားလိဂ်မှာတော့ ရုန်းကန်ခဲ့ရသလို နည်းပြဗန်ဟားလ်လက်အောက်မှာလည်း ကစားရ အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း ဒီမာရီယာက “မန်ချက်စတာယူနိုက်တက်အသင်းမှာ ကျွန်တော်ရဲ့ ပြသာနာက အသင်းနည်းပြပါပဲ။ ဗန်ဟားလ်က ကျွန်တော်ရဲ့ ကစားသမားဘဝတစ်လျှောက် အဆိုးရွှားဆုံးသော နည်းပြပါ။ ကျွန်တော် ဂိုးသွင်းမယ်။ ဂိုးဖန်တီးပေးမယ်။ နောက်နေ့ကျတော့ သူက ကျွန်တော်နဲ့ အံ့မကိုက်တဲ့ ပေးပို့မှုတွေ လုပ်ခိုင်းစေချင်လာတယ်။ နောက်တစ်ကြိမ်ကျတော့လည်း သူက ကျွန်တော့်ကို အခြားနေရာမှာ ပြောင်းကစားစေခဲ့ပြန်တယ်” လို့ ၂၀၂၁ခုနှစ်တုန်းက ပြောဆိုခဲ့ပါတယ်။ ဒီမာရီယာဟာ နည်းပြဗန်ဟားနဲ့ လက်တွဲခဲ့တုန်းက ယူနိုက်တက်အသင်းအတွင်း နေရာပေါင်းစုံမှာ ပါဝင်ကစားခဲ့ရပြီး ဘယ်ညာတောင်ပံနှစ်ဖက် ဘယ်ညာကွင်းလယ် ကွင်းလယ်တိုက်စစ်နဲ့ နောက်ချန်တိုက်စစ် နေရာအစုံမှာ ကစားခဲ့ရပါတယ်။ အခုတော့ ဒီမာရီယာဟာ သူရဲ့အာဂျင်တီးနားအသင်းနဲ့အတူ သူ့အတွက် အဆိုးရွှားဆုံးနည်းပြ ဖြစ်ခဲ့သူ ဗန်ဟားလ်ရဲ့ နယ်သာလန်အသင်းတို့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှာ ထိပ်တိုက် ရင်ဆိုင်သွားရတော့မှာဖြစ်ပြီး ဘယ်အသင်းက ဆီမီးကို တတ်လှမ်းသွားနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေရပါတယ်။