ပြင်သစ်လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ ရှိနေတာကြောင့် အသင်းလက်မဲ့ ကစားသမား ဖြစ်တော့မယ့် အာဂျင်တီးနားကြယ်ပွင့် ဒီမာရီယာကတော့ ပီအက်စ်ဂျီဟာ သူတို့ရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်တော့မယ်လို့ ပရိသတ်တွေကို သတင်းစကား ပါးသွားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အိန်ဂျယ် ဒီမာရီယာက ယခုလ ၃၀ရက်နေ့မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား တဦး ဖြစ်ပြီး လက်ရှိမှာတော့ ဥရောပရဲ့ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ဂျူဗင်တပ်နဲ့ ဘာစီလိုနာတို့က သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Bein Sports

ဒီမာရီယာရဲ့ ကလပ်အသင်း ဖြစ်တဲ့ ပီအက်စ်ဂျီက ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်ဖို့ ရည်မှန်းချက် ထားခဲ့ပေမယ့် မျှော်မှန်းထားသလို မဖြစ်လာတာကြောင့် အသင်းကို သွေးသစ်လောင်းဖို့ စီစဉ်နေပြီး ဒီမာရီယာလို ဝါရင့် ကစားသမားတွေ အပါအဝင် အသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုနဲ့ အားကစားဒါရိုက်တာ လီယိုနာဒိုတို့ကိုပါ အသင်းကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ထားပါတယ်။

လက်ရှိမှာတော့ ပီအက်စ်ဂျီဘက်က ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ကြောင်း တရားဝင် မကြေညာသေးပေမယ့် ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေ ကတော့ ပီအက်စ်ဂျီဟာ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ချက် ချပြီးပြီ ဖြစ်ကြောင်း ဖော်ပြနေကြပြီး ဒီမာရီယာကလည်း ပီအက်စ်ဂျီက ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ ရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Bein Sports

ဒီမာရီယာက – “ကြည့်ရတာ သူတို့က (ပီအက်စ်ဂျီ တာဝန်ရှိသူတွေ) နည်းပြကိုပါ ရာထူးကနေ ထုတ်ပယ်မယ့် သဘောမှာ ရှိပါတယ်။ ပီအက်စ်ဂျီမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာပါတော့မယ်။ ဒါပေမယ့် မက်ဆီကတော့ အဲ့ဒီ ပြောင်းလဲမှုတွေကို နားလည်ပြီး အလိုက်သင့် နေနိုင်မယ်လို့ ထင်ပါတယ်။ ပြီးတော့ ပြောင်းလဲမှုတွေကပဲ သူ့ကို လာမယ့်ရာသီမှာ ပိုကောင်းအောင် ကူညီနိုင်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပါ။