ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အာဂျင်တီးနား လက်ရွေးစင် တောင်ပံ ကစားသမား ဒီမာရီယာကတော့ အသင်းနဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ အသင်းဖော် အမ်ဘာပေကို အသင်းမှာပဲ ဆက်နေသွားဖို့ တိုက်တွန်းခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်သလို အသင်းရဲ့ စာချုပ်သစ် ဆွေးနွေးမှုကို ရွှေ့ဆိုင်းထားတဲ့ ကစားသမား တဦးလည်း ဖြစ်ပါတယ်။

Photo Credit: PSG Talk

လက်ရှိမှာ အမ်ဘာပေကို ခေါ်ယူဖို့ အတွက် စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းက စိတ်ဝင်စားနေပြီး ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ချင်နေသလို ယခုနှစ် နွေဈေးကွက် အတွင်းမှာလည်း ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ အသင့် ရှိနေပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ အဓိက တောင်ပံ ကစားသမား ဖြစ်သူ ဒီမာရီယာကတော့ သူ့ရဲ့ နိုင်ငံ အသင်းဖော် မက်ဆီ တယောက် ပီအက်စ်ဂျီအသင်းထံ ရောက်လာပြီးနောက် ပီအက်စ်ဂျီအသင်းဟာ ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်လာကြောင်းနဲ့ အမ်ဘာပေအတွက် ပီအက်စ်ဂျီအသင်းထက် ပိုမို သင့်တော်တဲ့ အသင်းဆိုတာ မရှိကြောင်း ပြောကြား သွားပါတယ်။

Photo Credit: PSG Talk

အမ်ဘာပေရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဒီမာရီယာက – “အမ်ဘာပေရဲ့ အနာဂတ်လား။ ကျွန်တော်ကတော့ သူ အသင်းမှာ ဆက်ရှိနေမယ်လို့ ယုံကြည်ပါတယ်။ သူဟာ အသင်းတိုင်းက လိုချင်တဲ့ ကစားသမား တဦး ဆိုတာ သေချာပါတယ်။ ဒါပေမယ့် အခု ပီအက်စ်ဂျီအသင်းရဲ့ လူစာရင်းအရ သူဟာ အသင်းကနေ ထွက်သွားမယ်လို့ ကျွန်တော် မထင်ပါဘူး။ သူ ဘယ်ကိုသွားသွား ပီအက်စ်ဂျီထက် ပိုကောင်းတဲ့ အသင်းကို ရှာတွေ့မှာ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့တာပါ။