မနက်ဖြန်ညမှာ ယှဉ်ပြိုင်ကစားရမယ့် လိုက်ပ်ဇစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်(၃)မှာ ပီအက်စ်ဂျီအသင်းဘက်ကနေ အဓိကတိုက်စစ်ကစားသမားတွေဖြစ်တဲ့ နေမာနဲ့ ကီလီယန်အမ်ဘာပေတို့နှစ်ယောက်က ဒဏ်ရာပြသာနာတွေကြောင့် အသင်းရဲ့လူစာရင်းထဲမှာ ပါဝင်လာခြင်းမရှိတာကြောင့် အသင်းအနေနဲ့ တိုက်စစ်ပိုင်းအတွက် လတ်တလောမှာ ဂိုးမြူးနေတဲ့ မွိုက်စ်ကင်း ဒီမာရီယာ ဆာရာဘီယာတို့နဲ့ ပွဲထွက်လာရဖွယ် ရှိနေပါတယ်။

Photo Credit : Goal

ပီအက်စ်ဂျီအသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်(၂)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ အရေးနိမ့်ထားခဲ့ကာ ဘာရှက်ဆီဟီကိုတော့ တူရကီမြေမှာ အနိုင်ယူထားခဲ့ပါတယ်။ လိုက်ပ်ဇစ်ကလည်း ပီအက်စ်ဂျီလိုပဲ (၂)ပွဲကစားထားပြီးနောက်မှာ (၁)ပွဲနိုင် (၁)ပွဲရှံးထားတာကြောင့် ဒီအသင်း(၂)သင်းရဲ့ တွေ့ဆုံမှုက အတော်လေးကို စိတ်ဝင်စားဖို့ကောင်းမှာ သေချာပါတယ်။ ဒီလို အရေးကြီးနေတဲ့ ပွဲစဉ်မှာ ပီအက်စ်ဂျီဘက်က အဓိက ကစားသမားတွေဖြစ်တဲ့ ဘာပေနဲ့နေမာတို့က ဒဏ်ရာပြသာနာအသီးသီးကြောင့် လွဲချော်ရတော့မှာဖြစ်လို့ ပီအက်စ်ဂျီအတွက် အနည်းငယ်ထိခိုက်စေနိုင်ပါတယ်။

Photo Credit : Goal

နေမာဟာ ဘာရှက်ဆီဟီအသင်းနဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ခြေထောက်ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်လောက်ကို အနားယူရတော့မှာဖြစ်တဲ့အပြင် ဘာပေဟာလည်း နန့်စ်နဲ့ ကစားခဲ့ရတဲ့ လီဂူးပွဲစဉ်အတွင်းမှာ ပေါင်ဒဏ်ရာရသွားခဲ့တာကြောင့် နေမာနဲ့အတူ အသင်းရဲ့ချန်ပီယံလိဂ်လူစာရင်းထဲမှာ ရွေးချယ်ခံလာရခြင်း မရှိခဲ့ပါဘူး။ ဒါ့အပြင် ပီအက်စ်ဂျီအသင်းရဲ့ လူစာရင်းထဲမှာ နောက်ထပ်အဓိက ကစားသမားတွေဖြစ်တဲ့ ကွင်းလယ်လူဗာရက်တီ တိုက်စစ်ကစားသမား အီကာဒီ ကွင်းလယ်ကစားသမားပါရေဒက်စ်တို့လည်း ပါဝင်လာခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ပီအက်စ်ဂျီအသင်းအနေနဲ့ အသင်းရဲ့တိုက်စစ်မှာ ဒီနောက်ပိုင်းပွဲစဉ်တွေအတွင်း ဂိုးမြူးနေတဲ့ အီတလီတိုက်စစ်ကစားသမားလေး မွိုက်စ်ကင်းကိုပဲ ဆက်လက်နေရာပေးသွားမှာဖြစ်ပြီး ဒီမာရီယာကိုလည်း အသုံးပြုလာနိုင်ပါတယ်။ လိုက်ပ်ဇစ်အသင်းဘက်မှာလည်း ဒဏ်ရာရကစားသမားတချို့ ရှိနေတယ်ဆိုပေမယ့် အဓိက ကစားသမားတွေကတော့ ကြံခိုင်မှုပြည့်ဝနေတဲ့အတွက် ကစားသမားအစုံအလင်နဲဲ့ ရင်ဆိုင်လာဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဒီအသင်း(၂)သင်းဟာ မနှစ်က ဘောလုံးရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ တွေ့ဆုံထားခဲ့ပြီး ပီအက်စ်ဂျီက (၃)ဂိုးပြတ်နဲ့ကို အနိုင်ယူထားခဲ့ပါတယ်။ ဒါကြောင့် အခုတစ်ကြိမ် ပြန်လည်တွေ့ဆုံမှုမှာ ဘယ်အသင်းက အသာရယူနိုင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။