MySport Myanmar

ဘင်ဖီကာအသင်းဆီ ပြန်လာဖို့ ဂျာအို ဖီးလစ်ကို ဒီမာရီယာ ဆက်သွယ် တိုက်တွန်း

လက်ရှိအချိန်မှာ အနာဂတ် မရေမရာ ဖြစ်နေတဲ့ အသက်လက်တီကို မက်ဒရစ်အသင်းရဲ့ တိုက်စစ် ကစားသမား ဂျာအို ဖီးလစ်ကို ဘင်ဖီကာအသင်းရဲ့ ဝါရင့် ကစားသမားကြီး ဒီမာရီယာက ဆက်သွယ်ခဲ့ပြီး ဘင်ဖီကာအသင်းဆီ ပြန်လာခဲ့ဖို့ တိုက်တွန်းမှုတွေ လုပ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ပေါ်တူဂီ လက်ရွေးစင် တိုက်စစ် ကစားသမား ဖီးလစ်ဟာ လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်ကမှ အသက်လက်တီကိုအသင်းဆီ ယူရို (၁၂၆)သန်း ပြောင်းရွှေ့ထားခဲ့တာဖြစ်ပြီး သူရဲ့ စီနီယာ ကစားသမားဘဝကိုတော့ ဘင်ဖီကာအသင်းမှာ စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဘင်ဖီကာအတွက် ၂၀၁၈-၁၉ ရာသီမှာ ဂိုး (၂၀)အထိ သွင်းယူပေးရင်းနဲ့ ဖီးလစ်ကို အသက်လက်တီကိုက အရ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

Photo Credit : TEAMtalk

လက်ရှိမှာတော့ အသက် (၂၃)နှစ်အရွယ် ကစားသမားဟာ အသက်လက်တီကိုအသင်းနဲ့ (၃)ရာသီခွဲအထိ ကစားပြီးသွားချိန်မှာ အသင်းနဲ့ အဆင်မပြေမှုတွေ ဖြစ်ပေါ်နေခဲ့ရပြီး မကြာသေးခင်ကပဲ အသက်လက်တီကိုရဲ့ လာလီဂါ ပြိုင်ဘက် ကလပ် ဘာစီလိုနာအသင်းမှာ ကစားချင်ကြောင်း လူသိရှင်ကြား ပြောဆိုထားမှုကြောင့် ဖီးလစ် နဲ့ အသက်လက်တီကိုတို့ အနာဂတ်က တစ်ခန်းရပ်သွားဖွယ် ရှိနေရပါတယ်။

ဒီအချိန်မှာ ဖီးလစ်ရဲ့အေးဂျင့်ဖြစ်သူက ကလပ်အသင်း တချို့နဲ့ ချိတ်ဆက်မှုတွေ လုပ်ဆောင်ပေးနေပေမယ့် ဒီအသင်းတွေက ဖီးလစ်ကို ခေါ်ယူဖို့ ငြင်းဆန်ထားကြသလို ဖီးလစ်ကို စိတ်ဝင်စားနေတဲ့ အသင်းတွေကလည်း မြင့်မားလွန်းတဲ့ ဖီးလစ်ရဲ့ အငှား ခေါ်ယူကြေးကြောင့် လက်တွန့်နေခဲ့ရပါတယ်။

Photo Credit : Eurosport

လက်ရှိမှာ အသက်လက်တီကိုကလည်း ဖီးလစ်ကို အသင်းမှာ ဆက်မထားချင်တော့သလို ဖီးလစ်ကလည်း အသက်လက်တီကိုမှာ ဆက်မနေချင်တော့တဲ့အတွက် ဒီနွေမှာပဲ သေချာပေါက် လက်တွဲဖြုတ်ဖွယ် ရှိနေပြီး Mundo Deportivo ရဲ့ ဖော်ပြချက်မှာတော့ ဘင်ဖီကာအသင်းက သူတို့ ကစားသမားဟောင်း ဖီးလစ်ကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြန်လည် ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြထားပါတယ်။

ဘင်ဖီကာက ကစားသမားဟောင်းတွေကို အမြဲတမ်း ပြန်လည် ခေါ်ယူတတ်တဲ့ အသင်းတစ်သင်းလည်း ဖြစ်ပြီး ဒီနွေမှာပဲ ကစားသမားဟောင်း ဒီမာရီယာကို ခေါ်ယူထားသလို အခု ဒီမာရီယာ ကိုယ်တိုင်ကပါ ဖီးလစ်ကို ဘင်ဖီကာအသင်းဆီ ပြန်လာဖို့အတွက် ဆက်သွယ် တိုက်တွန်းမှုတွေပါ လုပ်ဆောင်နေတယ်လို့့ သိရပါတယ်။ ဘင်ဖီကာအနေနဲ့ ဖီးလစ်ကို အငှားနဲ့ ခေါ်ယူဖို့က ခက်ခဲနိုင်ပြီး အသက်လက်တီကိုကသာ အငှား ခေါ်ယူကြေးကို လျော့ချပေးနိုင်မယ် ဆိုရင်တော့ အပြောင်းအရွှေ့ ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version