ပြင်သစ်လီဂူးဝမ်းရဲ့ ပြိုင်ဘက်ကင်း အင်အားကြီး အသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ ပီအက်စ်ဂျီအသင်းရဲ့ ဝါရင့်တောင်ပံ ကစားသမား အိန်ဂျယ်ဒီမာရီယာဟာ သူ့ရဲ့ အသင်းဟောင်းတစ်သင်းဖြစ်တဲ့ မန်ယူအသင်းကို အတော်လေး မုန်းတီးတယ်ဆိုတဲ့ အကြောင်းကို အသင်းဖော် တစ်ဦးဖြစ်သူ ဘဲလ်ကာက ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ ဒီမာရီယာဟာ ဘင်ဖီကာ ၊ ရီးရဲလ်မက်ဒရစ် ၊ မန်ယူ ၊ ပီအက်စ်ဂျီအသင်းတို့မှာ ကစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

Photo Credit: Mirror.com

ဒီမာရီယာဟာ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ရီးရဲလ်မက်ဒရစ်အသင်းမှာ ရရှိခဲ့တာ ဖြစ်ပြီး အဲ့ဒီနောက် ရီးရဲလ်မက်ဒရစ်အသင်းက ဂျိမ်းရိုဒရီဂွက်စ်ကို ခေါ်ယူခဲ့တဲ့အချိန်မှာ ဒီမာရီယာဟာ မန်ယူအသင်းကို ပြောင်းရွှေ့ခဲ့ရသူပါ။ မန်ယူအသင်းမှာ ကစားခဲ့တဲ့ အချိန်တွေဟာ ဒီမာရီယာအတွက်တော့ အဆိုးဝါးဆုံးအချိန်တွေ ဖြစ်ခဲ့ပြီး ဒီမာရီယာဟာ ဂန္တဝင်နံပါတ် ၇ကို ရယူခဲ့ပေမယ့် ထိုက်တန်တဲ့ခြေစွမ်းကောင်းတွေကို မပြသနိုင်ခဲ့သလို အသင်းရဲ့တာဝန်ရှိသူတွေနဲ့လဲ ပြဿနာတက်ခဲ့ရကာ တစ်ရာသီကစားခဲ့အပြီးမှာတော့ ပီအက်စ်ဂျီအသင်းထံကို ပြောင်းရွှေ့ခဲ့ရပါတယ်။

Photo Credit: Mirror.com

မန်ယူအသင်းမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သတ်ပြီး ဒီမာရီယာဟာ အခုချိန်အထိ အခဲမကျေသေးကြောင်းနဲ့ မန်ယူအသင်းကိုလည်း အလွန်မုန်းတီးနေကြောင်း ဘဲလ်ကာက ပြောဆိုလာခဲ့ပါတယ်။ ဒီမာရီယာနဲ့ မန်ယူနဲ့အကြောင်းကို ဘဲလ်ကာက ” ဒီမာရီယာက မန်ယူကို အတော်လေး မုန်းတီးပါတယ်။ သူက ကလပ်နဲ့ ပတ်သတ်ပြီး အတော်လေး မကျေနပ်မှု များခဲ့သလိုပါပဲ။ ကျွန်တော်တို့တွေ တီဗွီကြည့်ကနေ မန်ယူအသင်းရဲ့ပွဲတွေကို ကြည့်တဲ့အချိန်ဆိုရင် သူက ချန်နယ်ပြောင်းပေးဖို့ အမြဲတမ်းပြောခဲ့ပါတယ်။ သူ့ကိုကြည့်ရတာ မန်ယူကိုဆို ကြည့်မရသလိုပဲ ” လို့ ပြောဆိုသွားခဲ့တာပါ။