မန်ချက်စတာယူနိုက်တက်အသင်းရဲ့အသင်းခေါင်းဆောင်ဟောင်းနဲ့ တိုက်စစ်မှူးဟောင်းကြီး ဝိန်းရူနီက သူနဲ့ ယူနိုက်တက်အသင်းမှာ တွဲဖက်ကစားဖူးခဲ့ပြီး လက်ရှိ ပီအက်စ်ဂျီအသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသလို့နေတဲ့ အာဂျင်တီးနားတောင်ပံ ကစားသမား အိန်ဂျယ်ဒီမာရီယာရဲ့စွမ်းဆောင်ရည်တွေအပေါ်မှာ ချီးမွမ်းပြောဆိုမှုတွေ လုပ်ဆောင်လာခဲ့ပြီး ဒီမာရီယာက ယူနိုက်တက်မှာ ရှိစဉ်အခါကတည်းက အသင်းရဲ့အဓိကကြယ်ပွင့်တစ်ယောက်ဖြစ်ခဲ့သလို သူရဲ့စွမ်းဆောင်ရည်အပေါ်မှာလည်း ဘယ်တုန်းကမှ သံသယမဝင်ခဲ့မိဘူးလို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၂)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဒီမာရီယာဟာ ၂၀၁၄ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ်အသင်းက ယူနိုက်တက်အသင်းဆီကို ပေါင်သန်း(၆၀)နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ အံ့ဝင်ခွင်ကျဖြစ်အောင် ရုန်းကန်ခဲ့ရပြီး ယူနိုက်တက်ကလည်း သူ့ကိုတစ်ရာသီအကြာမှာပဲ ပီအက်စ်ဂျီအသင်းဆီကို ရောင်းချခဲ့ပါတယ်။ ဒီမာရီယာဟာ ပီအက်စ်ဂျီအသင်းမှာတော့ ပြည်တွင်းဖလားကို အရယူနိုင်ခဲ့သလို အခုဆိုရင်လည်း အသင်းနဲ့အတူ ဥရောပချန်ပီယံလိဂ်ဖလားကြီးကိုပါ ဆွတ်ခူးနိုင်ဖို့ လက်တစ်ကမ်းအလိုကို ရောက်ရှိနေပြီဖြစ်ပါတယ်။

Photo Credit : Goal

အခုလို ဥရောပအောင်မြင်မှုကြီးနဲ့ နီးစပ်နေရတဲ့ အသင်းဖော်ဟောင်း ဒီမာရီယာနဲ့ပတ်သက်ပြီး ဝိန်းရူနီက “သူက တကယ့်ကို အံအားသင့်စရာကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ ယူနိုက်တက်အသင်းဆီကို သူရောက်လာတုန်းက နည်းပြကြီးဗန်ဟားကတောင် သူတစ်ယောက်တည်းကိုပဲ ဘောလုံးကစားရင်း အလိမ်အခေါက်ပြုလုပ်ဖို့ ခွင့်ပြုခဲ့တာ။ အိန်ဂျယ်က ကွင်းအတွင်းမှာဆိုရင် မမောနိုင်မပန်းနိုင် ကစားတတ်တယ်။ ဘောလုံးပေးပို့မှုတွေကလည်း အမြင်တအားကောင်းလွန်းတယ်။ ယူနိုက်တက်မှာ သူရှိနေစဉ်တုန်းက သူက အသင်းရဲ့အဓိကကြယ်ပွင့်တစ်ယောက်ပဲ။ ဒါပေမယ့် အကူးအပြောင်းအနည်းလေးတွေနဲ့ သူ့အတွက် အထိုင်ကျဖို့ အခက်အခဲတွေ ရောက်လာချိန်မှာတော့ အရာရာက ခက်ခဲသွားခဲ့ရတယ်။ သူမှာက ငယ်ရွှယ်သေးတဲ့ ကလေးတွေနဲ့အတူ ကျွန်တော်ရဲ့အိမ်နားလောက်မှာ နေထိုင်ခဲ့တာ။ အဲ့ဒီတုန်းက သူရဲ့နေအိမ်ကို ဖောက်ထွင်းမှု ဖြစ်သွားခဲ့သေးတော့ ဒါက သူတို့မိသားစုအတွက် အတော်လေး ထိတ်လန့်သွားစေမယ် ထင်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့အတွက် ခက်ခဲမှုတွေ ဖြစ်လာခဲ့ရပြီး ဒီကနေ ထွက်ခွာသွားလိုက်တာကပဲ သူ့အတွက် ပိုကောင်းစေမယ့် ရွေးချယ်မှု ဖြစ်သွားစေခဲ့ရတယ်” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။