ပီအက်စ်ဂျီ ကြယ်ပွင့် ဒီမာရီယာကတော့ ရီးရဲလ်အသင်းမှာ ကစားခဲ့စဉ်က ဖရစ်ကစ် ကန်ခွင့်ရဖို့ ခက်ခဲတဲ့ အကြောင်းကို ပြောပြခဲ့ပြီး ဂရတ် ဘေးလ် နဲ့ ရော်နယ်ဒိုကြောင့် လေ့ကျင့်ရေးကွင်းမှာပဲ ဖရစ်ကစ် ကန်ခဲ့ရတယ်လို့ ပြောပြသွားခဲ့ပါတယ်။ ဒီမာရီယာဟာ ရီးရဲလ်အသင်းမှာ (၂၀၁၀-၁၁) ခုနှစ်ကနေ (၂၀၁၄-၁၅) ခုနှစ်အထိ (၅) နှစ်ကြာ ကစားခဲ့ရပေမဲ့လည်း ပွဲစဉ်အတွင်းမှာ ဖရစ်ကစ် ကန်ခွင့် ရဖို့ ရုန်းကန်ခဲ့ရပြီး လေ့ကျင့်ရေးကွင်းတွေမှာပဲ ဖရစ်ကစ် လေ့ကျင့်ပြီး ကန်ခဲ့ရပါတယ်။

Photo Credit: Goal

ဒီမာရီယာဟာ အာဂျင်တီးနား လက်ရွေးစင် အသင်းမှာလည်းပဲ မက်ဆီကြောင့် ဖရီကစ် ကန်ခွင့် ရဖို့ နည်းပါးခဲ့ပြီး ပီအက်စ်ဂျီအသင်းကို ရောက်သွားတဲ့ အချိန်မှာတော့ တည်ကန်ဘောတွေကနေ ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ သူဟာ ရီးရဲလ်အသင်းကနေ မန်ယူအသင်း၊ မန်ယူအသင်းကနေ ပီအက်စ်ဂျီအသင်းကို ပြောင်းသွားခဲ့ပြီး ပီအက်စ်ဂျီအသင်းမှာတော့ တည်ကန်ဘောတွေကို တာဝန်ယူ ကန်တင်ပေးရပြီး တိကျတဲ့ ဖြတ်တင်ဘောတွေနဲ့ ဂိုးဖန်တီးမှုကို ပြုလုပ်ပေးခဲ့ပါတယ်။

Photo Credit: Goal

ဒီမာရီယာက “ကျွန်တော် ဂိုးတွေ အများကြီး သွင်းတဲ့ ထိပ်သီး ကစားသမားတွေရဲ့ လွှမ်းမိုးမှုကို အမြဲတမ်း ခံနေခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော် နည်းနည်းချင်းစီ သင်ယူခဲ့ပါတယ်။ သင်ယူမှုက ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ပါဘူး။ တိုးတတ်ရဦးမယ့် အပိုင်းတွေ အမြဲတမ်းကို ရှိနေစမြဲပါပဲ။ ရီးရဲလ်အသင်းမှာ ဆိုရင်တော့ ကျွန်တော်က လေ့ကျင့်ရေးကွင်းမှာပဲ ဖရီကစ်ကို ကန်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ရော်နယ်ဒို နဲ့ ဘေးလ်တို့တွေပဲ ဖရစ်ကစ်ကို ကန်ရလို့ပါ”လို့ ပြောခဲ့ပါတယ်။