လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် လက်ရှိ လီဗာပူးလ် ကစားသမားတွေထဲမှာ ဝါအရင့်ဆုံး ကစားသမားလည်းဖြစ်တဲ့ ကွင်းလယ်လူ ဂျော်ဒန်ဟန်ဒါဆန်က လီဗာပူးလ်ကို ပြောင်းရွှေ့လာပြီး တစ်နှစ်အကြာလောက်မှာပဲ သူရဲ့ဆရာသမားဟောင်းဖြစ်တဲ့ နည်းပြဘရန်ဒန်ရော်ဂျာစ်က အသင်းက ထွက်ခွာချင်တယ်ဆိုရင် ထွက်ခွာလို့ ရနိုင်တယ်လို့ ပြောဆိုခဲ့သလို ဖူလ်ဟမ်အသင်းဆီ ပြောင်းရွှေ့ရဖိူ့ထိ နီးစပ်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၃၁)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဟန်ဒါဆန်ဟာ လွန်ခဲ့တဲ့ ၂၀၁၁ခုနှစ်ကမှ သူရဲ့မွေးရပ်မြေကလပ် ဆန်းဒါးလန်းအသင်းကနေ လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပေမယ့် တစ်နှစ်အကြာ ၂၀၁၂ခုနှစ်မှာပဲ လီဗာပူးလ်ဘက်က ဟန်ဒါဆန်ကို ဖူဟမ်လ်အသင်းဆီ ပြန်လည်ရောင်းချသွားဖို့ ပြောင်းရွှေ့ကြေးအထိ သဘောတူညီမှု ရယူနိုင်ခဲ့တဲ့ အခြေအနေကို ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် ဟန်ဒါဆန်က အသင်းပြောင်းချင်စိတ် မရှိိတာကြောင့် Personal Agreed မရရှိခဲ့ပဲ လီဗာပူးလ်မှာပဲ ဆက်လက်ရှိနေခဲ့ရာ အခုဆိုရင် အသင်းနဲ့ ဆယ်စုနှစ်တစ်ခုထိပါ လက်တွဲနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit : Daily Mail

ဒီအခြေအနေတွေအကြောင်းနဲ့ ပတ်သက်ပြီး ဟန်ဒါဆန်က “ဒီကိစ္စတွေကို မနေ့တစ်နေ့က ဖြစ်ပျက်ခဲ့သလိုပဲ ကျွန်တော် မှတ်မိနေပါတယ်။ အဲ့ဒါက အန်ဖီးလ်ကွင်းမှာ Heart အသင်းနဲ့ မကစားရခင်မှာ ဖြစ်ခဲ့့တာပါ။ အဲ့ဒီပွဲစဉ် ရှိနေတဲ့ နေ့မှာပဲ ကျွန်တော်နဲ့ ဘရန်ဒန်တို့ ဟိုတယ်လ်မှာ စကားတွေ ပြောဆိုဖြစ်ခဲ့တယ်။ ဘရန်ဒန်က မျှမျှတတ ရှိဖို့အတွက် ကျွန်တော့်ကို ရွေးချယ်ခွင့်ပေးတယ်။ ကလပ်အသင်းကတော့ ကျွန်တော့်ကို လက်လွတ်လိုက်ဖို့ ဆန္ဒက ပိုများနေခဲ့တယ်လို့ သူပြောပြခဲ့တယ်။ ဘရန်ဒန်က ကျွန်တော့်ကိုပြောတယ်။ နားထောင် အဲ့ဒါက မင်းအတွက်ပဲ။ မင်းက ဒီမှာ မင်းလိုချင်သလောက် ပွဲထွက်ကစားခွင့်တွေ များများစားစား ရရှိနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းတိုးတတ်ဖို့ လိုအပ်နေတဲ့ နေရာတွေမှာ တိုးတတ်လာအောင်တော့ ငါကြိုးစားပေးမယ်။ မင်းက ငယ်ရွယ်သေးလို့ ဒီလိုပုံစံအတိုင်းလေးပဲ မင်းဆက်လုပ်သွားမယ်ဆိုရင် မင်းရဲ့ ပွဲကစားချိန်တွေ ပိုရလာလိမ့်မယ်။ ကျွန်တော် အခန်းထဲ ပြန်ဝင်သွားတယ်။ နည်းနည်းလောက် ငိုမိသွားတယ်။ စိတ်ဓါတ်လည်း ကျသွားခဲ့တယ်။ ဒီကိုရောက်လာဖို့ အလွန်ကို ကြိုးစားခဲ့ရပြီးမှ ဒီမှာ သိပ်ကြာကြာမနေရပဲနဲ့ နောက်အသင်း တစ်သင်းဆီကို ပြောင်းရွှေ့ဖို့က ကျွန်တေ်ာ့အတွက် ရွေးချယ်စရာတစ်ခု ဖြစ်မလာခဲ့ပါဘူး။ ကျွန်တော် ဒီအသင်းကနေ ဒီတိုင်းလေးပဲ မထွက်သွားနိုင်ဘူး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဟန်ဒါဆန်ဟာ အခုဆိုရင်တော့ လီဗာပူးလ်အသင်းရဲ့ အကောင်းဆုံး အသင်းခေါင်းဆောင်တစ်ဦး ဖြစ်နေတဲ့အပြင် အသင်းနဲ့လည်း ပွဲပေါင်း (၄၂၉)ပွဲအထိ ပါဝင်ကစားထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။