အခုနှစ်နွေစျေးကွက်အတွင်းမှာ အေဂျက်စ်အသင်းကနေ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ အမေရိကန် နောက်ခံအစွန်လူ ကစားသမားလေး ဆာဂျီနိုဒက်စ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆီဗီလာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ စပိန်လာလီဂါပွဲစဉ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အသင်းအတွက် လူစားဝင်ကစားခဲ့ရပြီး ဘာစီလိုနာအသင်းဖော်တွေနဲ့အတူ တွဲဖက်ကစားရသလို ကမ္ဘာကျော်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ လီယွန်နယ်မက်ဆီနဲ့လည်း တွဲဖက်ကစားခဲ့ရလို့ အရမ်းကို ဝမ်းမြောက်နေရပေမယ့် သူ့ကို မက်ဆီပြောခဲ့တဲ့ စကားတစ်ခွန်းကိုတော့ နားမလည်နိုင်ခဲ့ဘူးလို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : BongdaZ

အသက်(၁၉)နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက်အမေရိကန် နောက်ခံအစွန်လူ ကစားသမားလေး ဆာဂျီနိုဒက်စ်ဟာ ၂၀၁၂ခုနှစ်ကတည်းက အေဂျက်စ်အကယ်ဒမီကို ရောက်ရှိလာခဲ့သူဖြစ်ပြီး ၂၀၁၉ခုနှစ်မှာတော့ အေဂျက်စ်စီနီယာအသင်းကြီးဆီ ထပ်မံရောက်ရှိလာနိုင်ခဲ့ပါတယ်။ သူရဲ့ပထမဆုံးသော စီနီယာကစားသမားဘဝအစမှာ အေဂျက်စ်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၃၅)ပွဲအထိကို ပါဝင်ကစားနိုင်ခဲ့ပြီး ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တာကြောင့် သူ့ကို အခုလို ဘာစီလိုနာအသင်းကနေ ခေါ်ယူလိုက်ရတာဖြစ်ပါတယ်။ ခံစစ်ညာခြမ်းမှာ ပါဝင်ကစားတတ်သူဖြစ်တဲ့ ဆာဂျီနိုဒက်စ်ဟာ ဘာစီလိုနာနဲ့ ဆီဗီလာအသင်းတို့ ရင်ဆိုင်ကစားခဲ့ရတဲ့ လာလီဂါပွဲစဉ်အတွင်း ဒဏ်ရာရသွားခဲ့တဲ့ ဝါရင့်ဘယ်နောက်ခံလူ ဂျော်ဒီအယ်ဘာနေရာမှာ အစားထိုးဝင်ရောက်ကစားခဲ့ရင်းနဲ့ ဘာစီလိုနာကစားသမားဘဝကို စတင်ခွင့်ရခဲ့ပါတယ်။

Photo Credit : Goal

ဘာစီလိုနာအသင့်းအတွက် စတင်ပါဝင်ကစားခဲ့ရတဲ့အပေါ် ဒက်စ်က “ဒီနေ့တော့ ကျွန်တော်အသင်းသားတွေအားလုံးကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီ။ မက်ဆီလည်း အပါအဝင်ပဲပေါ့။ မက်ဆီက အင်္ဂလိပ်လို ပြောလေ့ပြောထတော့ မရှိဘူး။ ဒါပေမယ့် သူ့လို တကယ့်ဂရိတ်ကစားသမားတစ်ယောက်နဲ့ အခုလို ဆုံတွေ့ရတာက ကျွန်တော့်အတွက် တကယ်ကို ထူးခြားပါတယ်။ ဒါပေမယ့် ကျွန်တော်အရိုးသားဆုံး ပြောရမယ်ဆိုရင်တော့ မက်ဆီ ကျွန်တော့်ကို ဘာပြောခဲ့လဲဆိုတာကို ကျွန်တော်နားမလည်ခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်လုံး ပြုံးနေမိတယ်။ ဆိုတော့ အရာရာက အဆင်ပြေနေမယ်လို့ထင်တယ်” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဒက်စ်ကို ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာအသင်းတို့ကနေ အပြိုင်ကြိုးပမ်းခဲ့တာဖြစ်ပေမယ့် ဘာစီလိုနာကိုပဲ ဦးစားပေးရွေးချယ်ခဲ့ရတာတဲ့အပေါ်က “ကျွန်တော် ဒီအသင်းကို ဘာလို့ရွေးချယ်ခဲ့သလဲဆိုတော့ ကျွန်တော်အမြဲတမ်း ဒီအသင်းသားဖြစ်လာဖို့ အိမ်မက်မက်ထားတာပါ။ ကလပ်အသင်းရဲ့ ဂန္တဝင်ကစားသမားဖြစ်တဲ့ ရော်နယ်ဒင်ဟိုကလည်း ကျွန်တော်ရဲ့Idol ပါ။ ဒါကြောင့် ဘာစီလိုနာကနေ ကျွန်တော့်ကို စိတ်ဝင်စားနေတယ်ဆိုတာ သိသိရချင်း ကျွန်တော်နှစ်ခါတောင် မစဉ်းစားခဲ့ရပါဘူး” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။