ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီနှစ်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ဘာစီလိုနာ အင်တာမီလန်အသင်းတွေနဲ့အတူ တစ်အုပ်စုတည်း အတူကျရောက်နေပေမယ့် ဒီအသင်းနှစ်သင်းလုံးနဲ့ ရင်ဆိုင်ရချိန်မှာ နိုင်ပွဲတွေ အသီးသီး ရယူထားပြီး ရလဒ်တွေ ကောင်းထားပေမယ့်လည်း ဘွန်ဒစ်လီဂါဘက်မှာတော့ (၄)ပွဲဆက်တိုက်ထိ နိုင်ပွဲပျောက်ဆုံးထားပြီး အော့စ်ဘတ်နဲ့ပွဲမှာလည်း ရှုံးပွဲပါ ကြုံတွေ့ထားခဲ့ရပါတယ်။

Photo Credit : Bavarian Football Works

ဂျာမန်ဘီလူးကြီး ဘိုင်ယန်ဟာ ဒီရာသီရဲ့ ဘွန်ဒစ်လီဂါ အဖွင့်ပွဲမှာ ဖရန့်ဖတ်ကို (၁)ဂိုး (၆)ဂိုးနဲ့ အပြတ်အသတ် အနိုင်ယူပြီး အဲ့ဒီနောက် ဝုလ်ဖ်ဘတ်ကို (၂)ဂိုးပြတ် ဘိုဟုမ်ကိုလည်း (၇)ဂိုးပြတ်နဲ့ အပြတ်အသတ် အနိုင်ယူခဲ့ပါတယ်။ တာထွက် (၃)ပွဲမှာပဲ တ်ိုက်စစ်က (၁၅)ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဘိုင်ယန်က ပွဲစဉ်(၄)ကနေ စတင်ပြီး မိုချန်ဂလာဘတ် အူန်ယွန်းဘာလင်နဲ့ စတုဂတ်တို့ကို တောက်လျှောက် သရေကျခဲ့ရသလို အော့စ်ဘတ်နဲ့ ပွဲစဉ်မှာလည်း ဂိုးတောင် ပြန်မသွင်းနိုင်ပဲ တစ်ဂိုးတည်းနဲ့ ကပ်အရေးနိမ့်ခဲ့ရပါတယ်။

Photo Credit : Bavarian Football Works

အခုဆိုရင် ဘိုင်ယန်အသင်းဟာ ရမှတ်(၁၂)မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာထိ ရောက်ရှိနေပြီး ဇယားထိပ်က အူန်ယွန်းဘာလင်နဲ့ပါ ရမှတ်(၅)မှတ်အထိပါ ကွာဟလို့နေပါတယ်။ ဘိုင်ယန်က တာထွက်လည်း ကောင်းမွန်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း အင်တာ ဘာစီလိုနာတို့ကို ပေးဂိုးတောင် မရှိသေးပဲ အနိုင်ယူထားခဲ့ပါလျက်နဲ့ ဘွန်ဒစ်လီဂါမှာ (၄)ပွဲဆက်တိုက်ထိ နိုင်ပွဲပျောက်နေတာက စဉ်းစားရခက်စေသလို လက်ရှိနည်းပြ နာဂယ်စမန်းရဲ့ အနာဂတ်ပါ လှုပ်ခတ်လာခဲ့ရပြီး ချယ်လ်ဆီးကနေ ထုတ်ပယ်ထားခံရတဲ့ တူဟယ်လ်နဲ့ အစားထိုးတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီသတင်းတွေကို ဘိုင်ယန်မြူးနစ်ရဲ့ အမှုဆောင်ချုပ် အိုလီဗာခန်းက ငြင်းဆိုသွားခဲ့ပြီး “ကျွန်တော်တို့က အခုအချိန်မှာ ဘယ်နည်းပြကိုမှ စဉ်းစားမနေပါဘူး။ ကျွန်တော်တို့ နာဂယ်စမန်းကိုပဲ လုံးဝ ယုံကြည်တယ်။ ကျွန်တော်တို့က လမ်းကြောင်းမှန်ပေါ် ပြန်တတ်ဖို့ လိုပါတယ်။ ပွဲတွေ ပြန်စတာနဲ့ ကျွန်တော်တို့ ဒီအခြေအနေက လုံးဝ ရုန်းထွက်ဖို့ လိုပါတယ်။ လေဗာကူဆင်နဲ့ ပွဲမှာ ရလဒ်ကောင်းဖို့ လိုပါတယ်” လို့ ရှင်းလင်း ပြောဆိုလိုက်ပါတယ်။ ဘိုင်ယန်ဟာ လာမယ့် အောက်တိုဘာလထဲမှာတော့ ဒေါ့မွန် လေဗာကူဆင်တို့နဲ့ ဘွန်ဒစ်လီဂါပွဲစဉ်တွေအဖြစ် ရင်ဆိုင်ရဦးမှာ ဖြစ်သလို ဘာစီလိုနာနဲ့လည်း နူးကမ့်မှာ ချန်ပီယံလိဂ်ပွဲစဉ်ကို ဆက်လက် ဆင်နွဲသွားရမှာပဲ ဖြစ်ပါတယ်။