MySport Myanmar

ဘိုင်ယန်နဲ့ သတင်းထွက်နေပေမယ့် စပါးအတွက်ပဲ အာရုံစိုက်ထားတယ်လို့ ကိန်း ဖွင့်ဟ

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ အဓိက ကစားသမားဖြစ်သူ တိုက်စစ်မှူး ဟာရီကိန်းက လတ်တလောမှာ ဂျာမန်အင်အားကြီး ကလပ်အသင်း ဘိုင်ယန်မြူးနစ်နဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း သူကတော့ သူရဲ့လက်ရှိကလပ် စပါးအသင်းအတွက်ကိုသာ အာရုံစိုက်ထားတယ်လို့ တုံ့ပြန် ပြောကြားလိုက်ပါတယ်။

Photo Credit : Spurs Web

အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ စပါးအသင်းတို့ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ကိန်းဟာ တကယ့်ကို အရည်အသွေးပြည့်ဝတဲ့ တိုက်စစ်မှူးကောင်းတစ်ဦးဖြစ်ပြီး စပါးအသင်းမှာလည်း အချိန်အတော်ကြာ ပါဝင်ကစားခဲ့သူလည်း ဖြစ်ပါတယ်။ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးတစ်ဦး ဖြစ်နေပေမယ့်လည်း စပါးအသင်းမှာ ဆုဖလား အောင်မြင်မှုတွေနဲ့ အလှမ်းဝေးနေရတဲ့ ကိန်းအနေနဲ့ ကစားသမားဘဝရဲ့ အကောင်းဆုံးအချိန်တွေအတွင်း ဆုဖလား အာမခံချက်ရှိတဲ့ အသင်းကြီးတွေဆီ ပြောင်းရွှေ့ဖို့ အခွင့်အရေး ရလာသည့်တိုင် ကိန်းကိုယ်တိုင်ကတော့ စပါးအသင်းမှာသာ ဆက်လက် ရှိနေခဲ့ပါတယ်။

Photo Credit : Spurs Web

ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူးတွေမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ကိန်းကို ပရီးမီးယားလိဂ်က မန်ချက်စတာနှစ်သင်းအပြင် ဘိုင်ယန်မြူးနစ်လို ထိပ်တန်းအသင်းတွေကလည်း အလိုရှိခဲ့ပြီး လီဝန်ဒေါစကီးလို တိုက်စစ်မှူးမျိုးကို လက်လွတ်ထားရတဲ့ ဘိုင်ယန်က လီဝန်ရဲ့ကွက်လပ်မှာ ကိန်းနဲ့ ဖြည့်တင်းသွားချင်နေပါတယ်။ ဒါကြောင့်လည်း ကိန်းနဲ့ ဘိုင်ယန်တို့ သတင်းတွေက မကြာခဏဆိုသလို ထွက်ပေါ်နေရတတ်ပေမယ့် ကိန်းကတော့ ဒီသတင်းတွေအပေါ် စိတ်ဝင်စားခြင်းမရှိပဲ စပါးအတွက်သာ အာရုံစိုက်ထားတယ်လို့ ပြောဆိုလာခဲ့ပါတယ်။ “ကျွန်တော်က တော့တင်ဟမ်ဟော့စပါးအတွက်ပဲ အာရုံစိုက်နေပါတယ်။ နောက်ပြီး ထိပ်တန်းအသင်း တစ်သင်းအတွက်ကိုလည်း ကြိုးစားပေးနေပါတယ်။ ကျွန်တော်ရဲ့ အာရုံစိုက်မှု အားလုံးက တော့တင်ဟမ်အပေါ်မှာ ရှိနေတယ်။ နောက်ပြီး ဒီအသင်းနဲ့အတူ နိုင်ပွဲတွေ ရယူနိုင်ဖို့ ကြိုးစားနေပါတယ်” လို့ ကိန်းက ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ကိန်းဟာ ဒီနှစ်ဘောလုံးရာသီမှာ စပါးအသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး(၈)ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ဟာလန်းရဲ့နောက် ဒုတိယနေရာနဲ့ ရပ်တည်လို့နေပါတယ်။

Exit mobile version