စကော့ထိပ်သီးကလပ် ရိန်းဂျားစ်အသင်းကနေ အက်စတွန်ဗီလာအသင်းကို ပြောင်းလဲကိုင်တွယ်လာခဲ့တဲ့ နည်းပြစတီဗင်ဂျရတ်က သူရဲ့ ပရီးမီးယားလိဂ် နည်းပြဘဝအစမှာ ပုံစံကောင်းတွေ ပြသလျက်ရှိနေတဲ့ ဘရိုက်တန်အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပေမယ့်လည်း တိုက်စစ်ကစားသမား ဝက်ကင်စ် နောက်ခံလူ တိုင်ရုန်းမင်းစ်တို့ နောက်ကျသွင်းဂိုးတွေနဲ့အတူ (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး တာထွက်လှပခဲ့ရသလို ဝေဖန်သူတွေကိုလည်း အသံတိတ်သွားစေခဲ့ပါတယ်။

Photo Credit : Twitter

လီဗာပူးလ်အသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတွေရဲ့ အသင်းခေါင်းဆောင်ဟောင်းနဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး စတီဗင်ဂျရတ်ဟာ ဘောလုံးသမားဘဝကနေ အနားယူပြီးနောက်ပိုင်း ရိန်းဂျားစ်အသင်းမှာ သူရဲ့နည်းပြဘဝကို စတင်ခဲ့သလို အောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့ပေမယ့် နည်းပြဒင်းန်စမစ်နဲ့ လမ်းခွဲခဲ့တဲ့ ဗီလာအသင်းကနေ ဂျရတ်ကို အသင်းနည်းပြအဖြစ် ခန့်အပ်သွားဖို့ စီစဉ်လာရမှာ ဂျရတ်ဘက်ကလည်း လက်ခံခဲ့ပြီး အခုဆိုရင် အသင်းနဲ့ ပွဲဦးထွက်မှာပဲ အသင်းအတွက် အဖိုးတန် အနိုင်(၃)မှတ်ကို ယူဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂျရတ်က အသင်းကို ပထမဆုံးအကြိမ် တာဝန်ယူ ကိုင်တွယ်ပြီးနောက်မှာ အသင်းအတွက် ကစားသမားသစ်တစ်ဦး မဖြစ်မနေ ဖြည့်တင်းရမယ့် နေရာကို သတိထား တွေ့မြင်သွားခဲ့ပါတယ်။

Photo Credit : The Sun

နည်းပြဂျရတ်ဟာ ဘရိုက်တန်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဗီလာအသင်းရဲ့ ကင်းထောက်တွေကို ဘယ်နောက်ခံကစားသမား ရှာဖွေပေးဖို့အတွက် တာဝန်ပေးလိုက်တယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ လက်ရှိ ဗီလာအသင်းရဲ့ ဘယ်ခြမ်းခံစစ်မှာ မတ်တားဂတ်က ပထမဦးစားပေးအဖြစ် ပါဝင်ကစားနေရပေမယ့်လည်း ဂျရတ်ကိုယ်တိုင်က တားဂတ်ရဲ့ စွမ်းဆောင်ရည်ပိုင်းအပေါ် အားရကျေနပ်ခြင်း သိပ်မရှိလို့ ပရီးမီးယားလိဂ်နဲ့ တခြား ဥရောပ ကလပ်အသင်းတချို့က ဘယ်ခြမ်းခံစစ် ကစားသမားတွေကို ရှာဖွေပေးဖို့ အသင်းကင်းထောက်တွေကို တာဝန်ပေးခဲ့တာလို့ သိရပါတယ်။ ဂျရတ်ရဲ့ ဗီလာအသင်းဟာ ဘရိုက်တန်ကို အနိုင်ရခဲ့တာကြောင့် (၅)ပွဲဆက်တိုက် နိုင်ပွဲပျောက်နေမှုကို ရပ်တန့်နိုင်ခဲ့တဲ့အပြင် အဆင့်တစ်ဆင့်ပါ တတ်လှမ်းနိုင်ခဲ့ပေမယ့်လည်း တန်းဆင်းဇုန်နဲ့က အမှတ်ကပ်နေသေးတာကြောင့် တန်းဆင်းရမယ့် အန္တရာယ်ကနေ လုံးဝလွတ်ကင်းနိုင်ဖို့ကို ဦးစားပေးရမှာ သေချာနေပါတယ်။