လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ်အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ ဒက်ချမ့်စ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲမှာ အင်္ဂလန်ကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ပွတ်ကာသီကာ အနိုင်ရခဲ့ပြီးနောက် ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့ အပြီးမှာ သူတို့အသင်းဟာ အင်္ဂလန်ကို ကံကောင်းလို့သာ အနိုင်ရခဲ့တာပါလို့ ဝန်ခံလာခဲ့ပါတယ်။

ပြင်သစ်နဲ့ အင်္ဂလန် နှစ်သင်းစလုံးက ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အတွက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်းတွေ ပီပီ သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲဟာ အတော်လေးကို ကြည့်ကောင်းခဲ့ပြီး ကစားသမား အင်အား ပိုမို တောင့်တင်းတဲ့ အင်္ဂလန်က ပွဲကို စိုးမိုးနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါပေမယ့် ပြင်သစ် ကစားသမားတွေက ဂရစ်ဇ်မန်း ၊ အမ်ဘာပေနဲ့ ဒမ်ဘီလီတို့ရဲ့ မြန်နှုန်းမြင့် တန်ပြန်တိုက်စစ် ၊ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့စဉ်က ရခဲ့တဲ့ အတွေ့အကြုံတွေနဲ့ အင်္ဂလန်ကို ထိန်းကစားသွားခဲ့ပြီး ပြင်သစ်အတွက် အဖိုးတန် အနိုင်ဂိုးတွေကို ပွဲချိန် ၁၇မိနစ်မှာ ကွင်းလယ်လူ ချူအာမီနီနဲ့ ပွဲချိန် ၇၈မိနစ်မှာ အဓိက တိုက်စစ်မှူး ဂျရူးတို့က သွင်းယူပေးခဲ့တာ ဖြစ်ကာ အင်္ဂလန် အတွက် တလုံးထဲသော ချေပဂိုးကို ပွဲချိန် ၅၄မိနစ်မှာ ပင်နယ်တီ ကနေ တဆင့် အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းက သွင်းယူပေးသွားခဲ့တာပါ။

အင်္ဂလန် ၁-၂ ပြင်သစ် ပွဲစဉ်မှာ အင်္ဂလန်က ပင်နယ်တီ ၂ကြိမ် အထိ ကန်သွင်းခွင့် ရခဲ့ပြီး ဟယ်ရီကိန်းက ပွဲချိန် ၈၄မိနစ်မှာ ရခဲ့တဲ့ ပင်နယ်တီကို လွဲချော်ခဲ့တာကြောင့်သာ ပြင်သစ်ဟာ အင်္ဂလန်ကို အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပွဲပြီးဆုံးချိန်မှာ ပြင်သစ်နည်းပြ ဒက်စ်ချမ့်က သူတို့အသင်းဟာ အင်္ဂလန်ကို ကံကောင်းလို့သာ အနိုင်ရရှိသွားခဲ့တာပါလို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Photo Credit: Sky Sports

ဒက်စ်ချမ့်က – “အင်္ဂလန်က အရမ်းကို ကောင်းတဲ့ အသင်းပါ။ ဒီနေ့ပွဲမှာလည်း သူတို့က နည်းစနစ်ပိုင်းမှာရော ၊ ကစားအားမှာပါ အတော်လေး ကောင်းတာကို သက်သေပြနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က သူတို့ကို ယှဉ်ပြိုင် ကစားနိုင်ခဲ့ပေမယ့် သူတို့ရဲ့ ကစားအားက ချီးကျူးချင်စရာပါ။ ကျွန်တော့်ရဲ့ အသင်းသားတွေကိုလည်း အသင်းကောင်း တသင်းကို အနိုင်ရအောင် ကစားနိုင်ခဲ့လို့ ချီးကျူးချင်ပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားတွေက အရည်အသွေးမြင့် ကစားသမားတွေ ဖြစ်သလို အရမ်းကောင်းတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုလည်း ရှိပါတယ်။ ကျွန်တော်တို့က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အတွေ့အကြုံကောင်းတွေ ရထားတဲ့ အသင်းပါ။ အင်္ဂလန်ကလည်း အတူတူပါပဲ။ သူတို့မှာ လူငယ် ကစားသမားတွေ ပါဝင်ခဲ့ပေမယ့် အဲ့ဒီ ကစားသမားလေးတွေ အားလုံးက ဥရောပ အသင်းကြီးတွေမှာ ကစားနေတဲ့ ကစားသမားတွေပါ။ ဒီနေ့ညမှာ ကျွန်တော်တို့က အသေးစိတ် တချို့ကို ဂရုစိုက်နိုင်ခဲ့တာရယ် ၊ ကံကောင်းတာရယ်ကြောင့်သာ အင်္ဂလန်လို အသင်းကောင်းကို အနိုင်ရသွားခဲ့တာပါ။ တခါတလေတော့ ဘောလုံးပွဲတွေကို နိုင်ဖို့ ကံကောင်းမှုလည်း လိုတယ်လေ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။