MySport Myanmar

ကြံ့ခိုင်မှု မပြည့်ဝတဲ့ ပေါ့ဘာကို ကမ္ဘာ့ဖလားဆီ ခေါ်သွားမှာ မဟုတ်ဘူး ဆိုတဲ့ ဒက်စ်ချမ့်

BUDAPEST, HUNGARY - JUNE 23: Didier Deschamps, Head Coach of France interacts with Paul Pogba of France after the UEFA Euro 2020 Championship Group F match between Portugal and France at Puskas Arena on June 23, 2021 in Budapest, Hungary. (Photo by Alex Livesey - UEFA/UEFA via Getty Images)

ပြင်သစ်လက်ရွေးစင် အသင်းရဲ့ နည်းပြချုပ်ဖြစ်သူ ဒက်စ်ချမ့်ကတော့ သူတို့အသင်းရဲ့ ကမ္ဘာ့ဖလား ချန်ပီယံဘွဲ့ ကာကွယ်ရမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် လူစာရင်းကို ရွေးချယ်ရာမှာ လုံလောက်တဲ့ ကြံ့ခိုင်မှုသာ မရှိနေရင် အဓိက ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ထည့်သွင်း စဉ်းစားသွားဖို့ မရှိကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ဗဟိုကွင်းလယ်လူ ပေါလ် ပေါ့ဘာက ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်း အတွက် အရေးပါတဲ့ ကစားသမား တဦး ဖြစ်ခဲ့ပြီး ပေါ့ဘာ ၊ ကန်တီနဲ့ မာတွီဒီတို့ရဲ့ ကွင်းလယ်အတွဲဟာ ပြင်သစ်ကို ကမ္ဘာ့ဖလား ယူပေးခဲ့တဲ့ ကွင်းလယ်အတွဲပဲ ဖြစ်ပါတယ်။

Photo Credit: Euro Sports

ပေါလ် ပေါ့ဘာက ကမ္ဘာ့အဆင့် ကွင်းလယ်လူ တဦး ဖြစ်သလို သူ့ရဲ့ တိကျတဲ့ အဝေးဘော ပေးပို့မှုနဲ့ ပွဲကို ထိန်းချုပ် ကစားနိုင်စွမ်း ရှိမှုတို့ကြောင့် ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလား ချန်ပီယံဘွဲ့ ကာကွယ်ရေး ခရီးစဉ်မှာ အရေးပါမယ့် ကစားသမား တဦး ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် ကံမကောင်းစွာနဲ့ပဲ ပေါ့ဘာဟာ ဂျူဗင်တပ်နဲ့အတူ ရာသီကြို ခြေစမ်းပွဲတွေ ကစားရင်း ညာဘက်ဒူးဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

ပေါ့ဘာက ညာဘက်ဒူးအရွတ် ထိသွားတာကြောင့် မဖြစ်မနေ ခွဲစိတ်မှု ခံယူရဖို့ ရှိနေပြီး ခွဲစိတ်မှုကြောင့် ပေါ့ဘာဟာ အနိမ့်ဆုံး ၃လ ဝန်းကျင် မဖြစ်မနေ အနားယူရဖို့ လိုအပ်နေကာ အဆိုပါ ခွဲစိတ်မှုကြောင့်ပဲ ပေါ့ဘာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖွယ် မရှိတော့ပါဘူး။

 

Photo Credit: Euro Sports

ဒက်စ်ချမ့်ကလည်း ပေါ့ဘာသာ လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိခဲ့ရင် သူဟာ ပေါ့ဘာကို ပြင်သစ်အသင်း အတွက် ရွေးချယ်သွားမှာ မဟုတ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ဒက်စ်ချမ့်က – “အခုချိန်မှာ ပေါ့ဘာရဲ့ ဒဏ်ရာအခြေအနေ အကြောင်းကို ပြောဖို့ စောလွန်းနေပါသေးတယ်။ ကျွန်တော်က ပေါလ်ရဲ့ အကြောင်းကို ကောင်းကောင်း သိပါတယ်။ ပြီးတော့ သူနဲ့လည်း ပုံမှန် စကားပြောဖြစ်ပါတယ်။ အခုချိန်မှာတော့ ပေါ့ဘာက ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ အချိန်မီ သက်သာလာမလား ၊ မသက်သာဘူးလား ဆိုတာကို ဘယ်သူမှ အတိအကျ မပြောနိုင်သေးပါဘူး။ ပြင်သစ်နည်းပြ ဖြစ်လာပြီးတဲ့နောက် ကျွန်တော်က ကြံ့ခိုင်မှု မပြည့်ဝတဲ့ ဘယ်လို ကစားသမားမျိုးကိုမှ ပြိုင်ပွဲကြီးတွေ အတွက် မရွေးချယ်ခဲ့ပါဘူး။ အခုလည်း ဒီလိုပါပဲ။ အကယ်၍ ပေါ့ဘာသာ ကြံ့ခိုင်မှု မပြည့်ဝရင် ကျွန်တော်က သူ့ကို ခေါ်သွားမှာ မဟုတ်ပါဘူး။ သူ ပြန်ကောင်းလာမယ် ဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် ပြန်မကောင်းဘူး ဆိုရင်တော့ သူ့ကို ထားခဲ့ရမှာပါပဲ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version