ပြင်သစ်လက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြဖြစ်သူ ဒီဒီယာဒေ့ရှောင့်က အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ တိုက်စစ်မှူး ကီလီယန်အမ်ဘာပေအနေနဲ့ လာမယ့် ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒဏ်ရာအနာတရ ကင်းကင်းနဲ့ ကြံခိုင်မှုအပြည့် ပါဝင်ကစားနိုင်အောင် ဘာပေရဲ့ လက်ရှိကလပ် ပီအက်စ်ဂျီက ဘာပေကို ပွဲတိုင်းမှာ အသုံးပြုတာမျိုးထက် နားနားပြီး အသုံးပြုပေးဖို့ တောင်းဆိုလိုက်ပါတယ်။

Didier Deschamps has called for PSG to rest Kylian Mbappe ahead of the World Cup in Qatar

Photo Credit : Daily Mail

၂၀၂၂-၂၀၂၃ ဘောလုံးရာသီဟာ ပုံမှန် ရာသီတွေနဲ့မတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာလို အပူပိုင်းနိုင်ငံမှာ ကျင်းပဖို့ ရှိနေတဲ့အတွက် အရင်လို ဇွန်လမှာ မကျင်းပတော့ပဲ နိုဝင်ဘာလကို ပြောင်းရွှေ့ထားခဲ့ရတာဖြစ်လို့ ဒါက ကလပ်အသင်းတွေအတွက်တော့ ပွဲစဉ်ဇယားတွေ ပြွတ်သိပ်ကျပ်ညှပ်နေရတဲ့ အခြေအနေမျိုး ဖြစ်သွားခဲ့ရပါတယ်။ ဒီလို အခြေအနေမှာ ပီအက်စ်ဂျီအသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်ကစားသမားလေး ဘာပေကို ပွဲစဉ်တိုင်းလိုလိုမှာ အသုံးပြုမယ်ဆိုရင် ဘာပေက ကမ္ဘာ့ဖလားမတိုင်ခင်မှာ ပွဲပန်းလွန်းတဲ့ဒဏ်တွေနဲ့ ဒဏ်ရာပြသာနာတွေ ကြံခ်ိုင်မှု မပြည့်ဝတာမျိုး ဖြစ်လာမှာကို ပြင်သစ်နည်းပြဒေ့ရှောင့်က စိုးရိမ်တာကြောင့် ဖြစ်နိုင်မယ်ဆိုရင် ဘာပေကို ပွဲတိုင်းနီးပါး ပွဲချိန်ပြည့် အသုံးပြုတာမျိုး မပြုလုပ်ဖို့ ပီအက်စ်ဂျီအသင်းထံ တိုက်တွန်းလိုက်ပါတယ်။

Christophe Galtier's PSG are scheduled to play 11 games before the World Cup in November

Photo Credit : Daily Mail

ဘာပေရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ဒေ့ရှောင့်က “ဂယ်လ်တီယာက ဘာပေ ကစားတာကို ပို အလိုရှိနေမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် အခါအားလျော်စွာတော့ သူရဲ့ ကြံခိုင်မှု အခြေအနေ အကောင်းဆုံး အနေအထားမှာ အမြဲရှိနေဖို့ မိနစ်အနည်းလောက် အနားပေးဖို့တော့ လိုမယ်ထင်တယ်။ ဒါက သူ့ကို ကျရှံးနိုင်မှာ မဟုတ်ပါဘူး” လို့ အကြံပြု ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် ဒေ့ရှောင့်ရဲ့ တောင်းဆိုမှုကို ပီအက်စ်ဂျီဘက်က လိုက်လျောပေးသွားဖွယ် မရှိနိုင်ပဲ ပီအက်စ်ဂျီအနေနဲ့ ကမ္ဘာ့ဖလားမတိုင်ခင်မှာ တစ်ပတ်ကို အနည်းဆုံး (၂)ပွဲလောက် ကစားရဖို့ ရှိနေသလို ပွဲစဉ်တိုင်းကလည်း အရေးပါပြီး အမှားခံလို့မရတဲ့ ပွဲတွေဖြစ်နေတာကြောင့် အသင်းတိုက်စစ်မှာ အရေးပါလှတဲ့ ဘာပေကို အရန်ခုံမှာထားဖို့က ခက်ခဲနိုင်ပါတယ်။ ဒါ့အပြင် ဘာပေက ပီအက်စ်ဂျီအတွက် (၉)ပွဲအတွင်းမှာ စုစုပေါင်း (၇၆၇)မိနစ်အထိကို ပါဝင်ကစားထားနိုင်ခဲ့ပြီး (၉)ပွဲမှာလည်း (၇)ပွဲကို ပွဲချိန်ပြည့် ကစားထားခဲ့ရပါသေးတယ်။ ဒါ့အပြင် လီဂူးနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ စုစုပေါင်း (၁၀)ဂိုးအထိ သွင်းယူထားနိုင်တဲ့ ကစားသမားတစ်ဦး ဖြစ်တဲ့အပြင် ပွဲကစားခွင့်မရရင်တဲ့အခါမျိုးမှာလည်း ငြိုငြင်တတ်တဲ့ ကစားသမားမျိုး ဖြစ်နေတာကြောင့် ပီအက်စ်ဂျီအနေနဲ့ ဘာပေကို အသင်းတိုက်စစ်မှာ မက်ဆီ နေမာတို့နဲ့ ပွဲတိုင်းနီးပါး ပါဝင်ကစားရမှာ သေချာနေပါတယ်။