၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ ဒီဒီယာ ဒက်စ်ချမ့်က မနက်ဖြန်မှာ ယှဉ်ပြိုင် ကစားရမယ့် အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီး အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို ကြောက်ရွံ့ခြင်း မရှိတာကြောင့် မက်ဆီအတွက် သီးသန့် စိတ်ပူမှုတွေ မရှိဘူးလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ ပြင်သစ်က သူတို့အသင်းရဲ့ ကမ္ဘာ့ချန်ပီယံ ဂုဏ်ပုဒ်ကို ကာကွယ်နိုင်မယ့် အခွင့်အရေး တခု အဖြစ် ယခု ကျင်းပနေဆဲ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို တက်ရောက်ထားနိုင်ပြီး သူတို့အသင်းဟာ လီယွန်နယ် မက်ဆီ ဦးဆောင်လာမယ့် အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ထိပ်တိုက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

Photo Credit: Sports Brief

လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရတဲ့ လီယွန်နယ် မက်ဆီက ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းအကောင်းဆုံး ကစားသမား ဖြစ်ပြီး ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေနဲ့ ပူးတွဲ ရပ်တည်နေနိုင်သလို ဂိုးဖန်တီးမှု အများဆုံး ကစားသမား စာရင်းရဲ့ နံပါတ်၁နေရာကိုလည်း သိမ်းပိုက်ထားနိုင်ပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက ပြင်သစ်ဟာ အာဂျင်တီးနားကို အနိုင်ယူချင်ရင် မက်ဆီကို ထိန်းချုပ် ကစားနိုင်ဖို့ လိုအပ်ကြောင်း သုံးသပ်ထားကြပြီး နာမည်ကြီး ဘောလုံးသမားဟောင်း အများစုကလည်း မက်ဆီ ပါဝင်နေတဲ့ အာဂျင်တီးနားဟာ ပြင်သစ်ကို အနိုင်ယူသွားလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

Photo Credit: Sports Brief

ဒါပေမယ့် ပြင်သစ်နည်းပြချုပ် ဒက်စ်ချမ့်ကတော့ သူတို့အသင်းဟာ မက်ဆီကို ကြောက်ရွံ့နေမှာ မဟုတ်ပဲ ဗိုလ်လုပွဲ အတွက် ပြင်ဆင်စရာ ရှိတာတွေ အားလုံးကို ပြင်ဆင်ထားကြောင်း ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဒက်စ်ချမ့်က – “ကျွန်တော်တို့က ဗိုလ်လုပွဲဆီ ရောက်နေတဲ့ အသင်းပါ။ ဒါကြောင့် ကျွန်တော်တို့က အာဂျင်တီးနားနဲ့ ပတ်သတ်ပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေ အားလုံးကို အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ စကာလိုနီကလည်း ဒီပြိုင်ပွဲမှာ စိန်ခေါ်မှု တချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူတို့အသင်းက ဆော်ဒီကို ပထမဦးဆုံးပွဲမှာတင် ရှုံးနိမ့်ခဲ့တယ် မဟုတ်လား။ အဲ့ဒီလို စိန်ခေါ်မှုတွေနဲ့ ကြုံခဲ့ရပေမယ့် သူတို့အသင်းက အခုချိန်မှာ ဗိုလ်လုပွဲဆီ ရောက်နေပါပြီ။ ကျွန်တော်တို့ကလည်း ဒီလိုပါပဲ။ ကျွန်တော်တို့က ဒီပြိုင်ပွဲမှာ အသင်းတိုင်းနဲ့ မကစားခဲ့ရပေမယ့် ကစားရတဲ့ ပွဲတိုင်းမှာ အောင်နိုင်သူတွေ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က ဗိုလ်လုပွဲမှာ ဘယ်တဦးတယောက်ကိုမှ မကြောက်သလို (မက်ဆီကို ရည်ရွယ်လျက်) စိတ်ဖိစီးမှုလည်း မရှိပါဘူး။ ကျွန်တော်တို့က ဒီပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားပြီးပြီ ဖြစ်တာကြောင့် အာရုံစူးစိုက်မှု ၊ တည်ငြိမ်မှုတို့ကို ဆက်ထိန်းထားနိုင်ဖို့ပဲ လိုပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။