ပီအက်စ်ဂျီအသင်းနဲ့ ပြင်သစ်လက်ရွေးစင်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ ဂျရုန်းရိုသန်က လက်ရှိပြင်သစ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ကီလီယန်အမ်ဘာပေဟာ ထိပ်တန်းဘောလုံးသမားတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူရဲ့အတ္တတရားတွေကြောင့် အခက်အခဲတွေ ဖြစ်လာနိုင်ပြီး ဒါတွေကိုလည်း ပြင်သစ်အသင်းနည်းပြ ဒီဒီယာဒေးရွှမ့်အနေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Eurosport

အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေဟာ နိုင်ငံလက်ရွေးစင်အသင်းနဲ့ ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားဆုကြီးကို ပိုင်ဆိုင်ထားခဲ့ဖူးသလို ပီအက်စ်ဂျီအသင်းနဲ့လည်း ပြည်တွင်းဆုဖလားအားလုံးကို ရယူထားနိုင်ခဲ့တဲ့ တကယ့်ကို အရည်အသွေးမြင့် ဘောလုံးသမားကောင်းတစ်ယောက် ဖြစ်ပါတယ်။ ဒီလို အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် သူမှာ ရှိနေတဲ့ အတ္တဆန်မှုတွေကြောင့် သူနဲ့ဆက်ဆံရတဲ့ နည်းပြတိုင်းက သူ့ကို အုပ်ချုပ်ဖို့ ကိုင်တွယ်ဖို့ ခက်ခဲကောင်းခက်ခဲနိုင်ပြီး သူရဲ့အတ္တတွေက ပြသာနာတစ်ခုလို ဖြစ်လာနိုင်တယ်လို့ ရိုသန်က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ဘာပေနဲ့ပတ်သက်ပြီး ရိုသန်က “ဒီစိတ်တွေက ကွင်းအတွင်းမှာ သူ အသင်းခေါင်းဆောင်အနေနဲ့ ကစားနေရတာမျိုးဆို ပြသာနာမရှိပေမယ့် အဲ့ဒီအတ္တစိတ်တွေ ကွင်းအတွင်းမှာ ပေါက်ကွဲထွက်လာခဲ့မယ်ဆိုရင်တော့ ဒါက ကျွန်တော့်အတွက် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်တယ်။ ကျွန်တော်ကတော့ ဒါကို ဒေးရွှမ့်အနေနဲ့လည်း အချိန်အတော်ကြာတဲ့အထိ မဖြေရှင်းနိုင်တော့ပဲ ပြသာနာတစ်ခုလို ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော်ထင်မိတယ်။ နောက်ပြီး သူ့ဘက်ကနေ ကီလီယန်အမ်ဘာပေအပေါ် အများကြီး လုပ်ဆောင်ခိုင်းထားတာတွေကြောင့်လည်း အံ့အားသင့်မိရတယ်။ ဘာပေရဲ့စွမ်းဆောင်ရည်တွေကို ကွင်းအတွင်းမှာ တွေ့မြင်ရနိုင်ပါတယ်။ ဒါပေမယ့် အခု ယူရိုမှာတော့ သူ ခြေစွမ်းပြနေနိုင်တယ်လို့ ပြောလို့မရနိုင်သေးဘူး။ နောက်ပြီး ပြီးခဲ့တဲ့တစ်ရာသီလုံး ပီအက်စ်ဂျီအတွက် ကစားခဲ့စဉ်တုန်းက ထားရှိခဲ့တဲ့ စိတ်ထားမျိုး ဒီအချိန်မှာ ရှိနေလားဆိုရင်တော့ ကျွန်တော်က No လို့ပဲ ဖြေမိမှာပါ။ ကျွန်တော်တို့ သူ့ဆီကနေ အများကြီး မျှော်လင့်ပါတယ်။ သူ့ကို ဥရောပရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးလို့ ထင်နေကြပေမယ့် အလွန်ကောင်းလှတဲ့ စာရင်းထဲကို ထည့်သင်းလိုက်မိမယ်ဆိုရင်တော့ စိတ်ကျေနပ်မှု ရှိမနေမိမှာ သေချာပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။