မန်စီးတီး အသင်းပိုင်ရှင် ရှိတ်မန်ဆော် ရဲ့ အစ်ကို ဝမ်းကွဲ ဖြစ်သူ၊ အဘူဒါဘီ တော်ဝင် မိသားစုရဲ့ စီနီယာ အဖွဲ့ဝင် တစ်ယောက် ဖြစ်တဲ့ ရှိတ်ခါလီ ဆိုသူဟာ ချန်ပီယံရှစ်အသင်း တစ်သင်းဖြစ်တဲ့ ဒါဘီအသင်းကို ဝယ်ယူဖို့ ညှိနှိုင်းနေတဲ့ ကိစ္စဟာ နောက်ဆုံးအဆင့်ထိ ရောက်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အင်္ဂလိပ် ဘောလုံးအဖွဲ့ချုပ် အနေနဲ့ မကြာမီ ရက်ပိုင်းအတွင်းမှာ အသင်းလွှဲပြောင်းခွင့်ကို ခွင့်ပြုပေးသွားဖွယ် ရှိကြောင်းလည်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။

Photo Credit: Metro

ဒါဘီအသင်းရဲ့ လက်ရှိ အသင်းပိုင်ရှင် မဲလ် မောရစ် ဟာ လွန်ခဲ့တဲ့ ငါးနှစ်လောက် အတွင်းမှာ အသင်းကို ဦးဆောင်မှု ရရှိခဲ့ပေမယ့်လည်း အခုချိန်မှာတော့ အသင်းလွှဲပြောင်းတဲ့ ကိစ္စပြီးရင် အသင်းမှာ အတိုင်ပင်ခံ အဖြစ်သာ ဆက်ရှိနေတော့မယ် လို့ သိရပါတယ်။ အတ္တလန်တစ် သတင်းစာရဲ့ အဆိုအရ မောရစ်ဟာ ဒါဘီအသင်းအတွက် ရှိတ်ခါလီဆီကနေ ပေါင် သန်း ၆၀ လောက် အလိုရှိနေတာပဲ ဖြစ်ပါတယ်။ ရှိတ်ခါလီဟာ ဒါဘီအသင်းကို ဒါဗန်တီယို ဟိုးဒင်း( ယူကေ )လီမီတက်ကနေ တဆင့် ဝယ်ယူမှာ ဖြစ်ပြီး အဆိုပါကုမ္ပဏီမှာ ဒါရိုက်တာ သုံးယောက် ရှိမှာ ဖြစ်ကြောင်း အာရပ်အခြေစိုက် သတင်းဌာနတွေက ဆိုထားကြပါတယ်။

Photo Credit: Metro

အဆိုပါ ဒါရိုက်တာ သုံးယောက်ကတော့ ဘင်ဇေးအုပ်စုရဲ့ မန်နေဂျင်းဒါရိုက်တာ အဖြစ် မစ်ဟတ် ကာမေးလ် ကစ်ဝေ နဲ့ ဆွစ်အခြေစိုက်ဗြိတိန်စီးပွားရေးသမားနှစ် ဦး ဖြစ်ကြတဲ့ အန်ဒရူး အိုဘိုလန်စကီ နဲ့ ခရစ်စတိုဖာ ဆန်မြူရယ်ဆန် တို့ပဲ ဖြစ်ကြပါတယ်။ ရှိတ်ခါလီ ကတော့ ဒါဗန်တီရို ဟိုးဒင်း( ယူကေ ) လီမီတက် ရဲ့ အဓိက ထိန်းချုပ်သူလည်း ဖြစ်ပါတယ်။ ရှိတ်ခါလီရဲ့ ပိုင်ဆိုင်မှုဟာ ပေါင် ၁၅၀ ဘီလီယံ ရှိတယ်လို့ ခန့်မှန်းရပြီးတော့ သူဟာ မကြာသေးမီကလည်း လီဗာပူးအသင်း နဲ့ နယူးကတာဆယ် အသင်းတို့ကို ဝယ်ယူဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ ၂၀၁၈ ခုနှစ်တုန်းက လီဗာပူးအသင်းကို ၂ ဘီလီယံ နဲ့ ဝယ်ယူဖို့ ကြိုးစားခဲ့ဖူးပြီးတော့ ပြီးခဲ့တဲ့နှစ်က နယူးကာဆယ် အသင်းကို သန်း ၃၅၀ နဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း သိရပါတယ်။