အင်္ဂလန် ချန်ပီယံရှစ် ကလပ်အသင်း တစ်သင်းဖြစ်တဲ့ ဒါဘီအသင်းရဲ့ ကစားသမား အများစုဟာ လက်ရှိမှာ သူတို့အသင်းရဲ့ ယာယီနည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ဝါရင့် အင်္ဂလန် တိုက်စစ်မှူး ဝိန်းရွန်းနီကို အသင်းရဲ့ အမြဲတမ်း နည်းပြအဖြစ် မြင်တွေ့ချင်နေကြောင်း သိရပါတယ်။ လက်ရှိ‌ ဘောလုံးရာသီမှာ ချန်ပီယံရှစ် အမှတ်ပေးဇယားရဲ့ အဆင့် ၂၂နေရာ အထိ ရောက်ရှိနေတဲ့ ဒါဘီအသင်းဟာ ယခင်နည်းပြ ကွတ်ကူးရဲ့ လက်အောက်မှာ ကစားပုံအရ အတော်လေး ဆိုးရွားခဲ့သလို ရလဒ်တွေလည်း ကောင်းမွန်ခြင်း မရှိတာကြောင့် အမှတ်ပေး ဇယားရဲ့ အောက်ဆုံးအဆင့် ဖြစ်တဲ့ အဆင့် ၂၄အထိ ထိုးဆင်းဖူးခဲ့တဲ့ အသင်း တစ်သင်း ဖြစ်ပါတယ်။

Photo Credit: Express

ဒါ့ကြောင့်ပဲ ပြီးခဲ့တဲ့လမှာ ဒါဘီအသင်းဟာ ကွတ်ကူးကို အသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ဝိန်းရွန်းနီ ၊ အင်္ဂလန် ဂိုးသမားဟောင်း ရှေးဂစ်ဗင်တို့ ပါဝင်တဲ့ နည်းပြအဖွဲ့ကို ယာယီနည်းပြအဖွဲ့ အဖြစ် သတ်မှတ်ကာ အသင်းကို တာဝန် ယူစေခဲ့ပါတယ်။ ဒါပေမယ့် ဒါဘီအသင်းရဲ့ စိတ်ကူးဟာ ကောင်းမွန်ခဲ့ခြင်း မရှိပဲ နည်းပြချုပ် မရှိတဲ့ နည်းပြအဖွဲ့ဟာ သဘောထား ကွဲလဲမှုတွေ ဖြစ်ခဲ့ကာ ရလဒ်တွေကလည်း ဆက်လက် ဆိုးရွားခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ဒါဘီအသင်းဟာ လွန်ခဲ့တဲ့ နှစ်ပတ်မှ စတင်ကာ ဝိန်းရွန်းနီကို သူတို့အသင်းရဲ့ ယာယီနည်းပြအဖြစ် တရားဝင် ခန့်အပ်ကာ တာဝန် ယူစေခဲ့ပါတယ်။ ဝိန်းရွန်းနီ ကိုင်တွယ်ခဲ့တဲ့ ပွဲစဉ် ၄ပွဲမှာတော့ ဒါဘီအသင်းဟာ ၁ပွဲနိုင် ၃ပွဲသရေ ကျခဲ့ပြီး ရှုံးပွဲမရှိခဲ့ပါဘူး။

Photo Credit: Express

အင်္ဂလန် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Daily Mailရဲ့ အ ဆိုအရတော့ ဒါဘီအသင်းရဲ့ ကစားသမားတွေဟာ ဝိန်းရွန်းနီရဲ့ ပွဲအပေါ် ချဉ်းကပ်ပုံတွေ ၊ နည်းစနစ်ပိုင်း ချမှတ်မှုတွေ ၊ လူစားလဲ မှန်ကန်မှုတွေကို သဘောကျနေပြီး ရွန်းနီလို ခေါင်းဆောင်မှု စိတ်ဓာတ် အပြည့်ရှိတဲ့ နည်းပြကို အသင်းရဲ့ အမြဲတမ်း နည်းပြအဖြစ် ခန့််အပ်စေချင်နေကြောင်း သိရပါတယ်။ ရွန်းနီဟာ လက်ရှိမှာ ဒါဘီအသင်းရဲ့ ယာယီနည်းပြ အဖြစ် တာဝန်ယူ ထားပေမယ့် ကစားသမား ဘဝကနေ အနားယူရခြင်း မရှိသေးပဲ နည်းပြ + ကစားသမားဘဝကို ဖြတ်သန်းနေသူပါ။ ဒါပေမယ့် ဒါဘီအသင်းကသာ သူ့ကို အမြဲတမ်း နည်းပြအဖြစ် ခန့်အပ်မယ် ဆိုပါက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကစားသမား ဘဝကနေ အနားယူဖွယ် ရှိနေပါတယ်။