ဒီနေ့ ဇွန်လ(၂၂)ရက်နေ့ Super Sunday ည(တနင်းလာနေ့မနက်) (၁၂)နာရီခွဲမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၃၀)ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးသောပွဲဖြစ်တဲ့ အဲဗာတန်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့မာဆေးဆိုက်ဒါဘီပွဲစဉ်ကို ကျင်းပခဲ့ပြီး ဘယ်အသင်းကမှ သွင်းဂိုးမရယူနိုင်ခဲ့ပဲ ဂိုးမရှိသရေနဲ့သာ အဆုံးသတ်သွားခဲ့ရပါတယ်။

အိမ်ရှင်အဲဗာတန်အသင်းကတော့ အန်စလော့တီ အမြဲတမ်းသုံးနေကြ ၄-၄-၂ ကစားကွက်နဲ့အတူ ရစ်ချာလီဆန် ကဲလ်ဗတ်လီဝင် ဒေးဗီစ် အီဝိုဘီ ဂိုးမက်စ် ဂေါ်ဒွန် ဟိုးဂိတ်စ် ကိန်း ကိုးမန်း ဒစ်ဂ်နေး ပစ်ဖိုဒ့်တို့ကို သုံးစွဲလာခဲ့ပါတယ်။ အမှတ်ပေးဇယားထိပ်က လီဗာပူးလ်ကတော့ ဆာလာ ဝိုင်နယ်ဒန်တို့ကို လူစာရင်းကနေ ချန်လှပ်ပြီး မာနေး ဖာမီနို မီနာမီနို ဟန်ဒါဆန် ကီတာ ဖာဘင်ဟို အာနိုး ဗန်ဒိုက် မက်တစ် မီနာ အယ်လီဆန်တို့ကို ပွဲထုတ်လာခဲ့ပါတယ်။ ပထမပိုင်း ယှဉ်ပြိုင်ကစားပုံအရတော့ မာဆေးဆိုက်ဒါဘီရဲ့ အရသာကို မခံစားရပဲ လီဗာပူးလ်က ဖိအားကင်းကင်းနဲ့ အေးဆေးပဲ ကစားနေခဲ့သလို အဲဗာတန်ကလည်း ခံစစ်ပိုင်းကို အလေးထားကာ ကောင်တာတွေကနေပဲ ပြန်တိုက်မယ့်ပုံစံနဲ့ ကစားနေခဲ့လို့ (၄၅)မိနစ်လုံးမှာ ရင်ခုန်စရာမြင်ကွင်းတွေ နည်းပါးခဲ့ရပြီး ဂိုးမရှိသရေကျခဲ့ရပါတယ်။

ဒုတိယပိုင်းပြန်စချိန် မီနာမီနိုနေရာ ချိန်ဘာလိန်ဝင်ရောက်လာပြီးနောက် ဘောလုံးက လီဗာပူးလ်ခြေထောက်ထဲမှာ အချိန်ပြည့်ရှိနေခဲ့ပြီး ပွဲကိုစိုးမိုးထားနိုင်ပေမယ့် ဂိုးမရသေးလို့ ဝိုင်နယ်ဒန်နဲ့ အော်ရီဂီတို့ကိုပါ ထမ်မံထည့်သွင်းလာခဲ့ရပါတယ်။ ဒါပေမယ့် လီဗာပူးလ်တိုက်စစ်က အရင်ပွဲတွေကလို ပုံစံကောင်းကို မပြနိုင်သေးပဲ မိနစ်(၈၀)လောက်မှာ အဲဗာတန်တို့ အခွင့်အရေးတွေ ပြန်ရလာခဲ့ပြီး ဂိုးရနိုင်လောက်မယ့် အနေအထားတွေဖြစ်ခဲ့ပေမယ့် လွဲချော်ခဲ့ပါတယ်။ ပွဲပြီးချိန်ထိ ဘယ်အသင်းကမှ သွင်းဂိုးမရယူနိုင်ပဲ ဂိုးမရှိသရေနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။