ဒါဘီကောင်တီအသင်းကတော့ မနေ့ည ကစားခဲ့တဲ့ အက်ဖ်အေ ဖလား စတုတ္ထအဆင့် ပြန်ကန် ပွဲစဉ်မှာ နော်တင်ဟမ်အသင်းကို အိမ်ကွင်းမှာ (၄-၂) ရလဒ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် နောက်တစ်ဆင့်ကို တက်သွားခဲ့ပါတယ်။ ဒါဘီကောင်တီအသင်းဟာ အက်ဖ်အေ ဖလား ပဉ္စမ အဆင့်မှာ မန်ယူအသင်းနဲ့ ကစားသွားရမှာ ဖြစ်တာကြောင့် ဝါရင့် တိုက်စစ်မှူး ရွန်နီကတော့ အောင်မြင်မှု အကြီးမားဆုံး ရရှိခဲ့တဲ့ အသင်းဟောင်း မန်ယူအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Photo Credit: Goal

မန်ယူအသင်းဟာ အက်ဖ်အေ ဖလား စတုတ္ထအဆင့် ပွဲစဉ်မှာ ထရန်မဲအသင်းကို (၆-ဝ) ရလဒ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ပဉ္စမအဆင့်ကို တက်လာခဲ့တာ ဖြစ်ပြီး လာမယ့် မတ်လ (၆) ရက်နေ့မှာ ဒါဘီအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒါဘီအသင်းရဲ့ နည်းပြ ကိုကူကတော့ မန်ယူအသင်းနဲ့ ကစားရမယ့် ပွဲစဉ်ဟာ တိုက်စစ်မှူး ရွန်နီအတွက်သာမက အသင်းက လူတွေအာလုံးအတွက်ပါ အရေးကြီးတဲ့ ပွဲစဉ် ဖြစ်တာကြောင့် အနိုင်ရဖို့ ကြိုးစားသွားမယ်လို့ အားပေးတိုက်တွန်းခဲ့ပါတယ်။

Photo Credit: Goal

ဒါဘီ နည်းပြ ဖီလစ် ကိုကူက “ရွန်နီက သူ့ရဲ့ ကစားသမားဘဝမှာ အကောင်းဆုံး အချိန်တွေကို ပိုင်ဆိုင်ခဲ့တဲ့ အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ အထူး ပွဲစဉ် ဖြစ်လာမှာပါ။ သူက အမေရိကန်ကနေ ပြန်လာပြီး ကျွန်တော်တို့နဲ့ ပူးပေါင်းခဲ့ပါတယ်။ မန်ယူနဲ့ ကစားရမယ့် ပွဲစဉ်က ရွန်နီအတွက်သာ မဟုတ်ဘဲ အသင်းက လူတိုင်းအတွက် အရေးကြီးပါတယ်။ ဒီပွဲက စောင့်ကြည့်ရမယ့် ပွဲစဉ်ဖြစ်ပြီး အနိုင်ရဖို့ ကြိုးစားသွားမှာပါ။ အင်အားကြီးတဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ရမှာပါ”လို့ ပြောသွားပါတယ်။