နယ်သာလန် တိုက်စစ်ကစားသမား မန်ဖစ် ဒီပိုင်းဟာ ဒီနွေမှာပဲ အသက်လက်တီကို မက်ဒရစ်အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် free agent player ဖြစ်သွားခဲ့ရပြီး အခုတော့ ဘရာဇီးလ်ကလပ် ကိုရင်သီယန်စ်အသင်းဆီ အလွတ်နဲ့ ပြောင်းရွှေ့ဖို့ လက်ခံလိုက်ပြီလို့ သိရှိရပါတယ်။

အသက် (၃၀)အရွယ် ရှိနေပြီဖြစ်တဲ့ နယ်သာလန် လက်ရွေးစင် တိုက်စစ်ကစားသမား ဒီပိုင်းဟာ နယ်သာလန်ကလပ် PSV အသင်းနဲ့အတူ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရင်း အဲ့ဒီကနေ မန်ချက်စတာ ယူနိုက်တက် ၊ လိုင်ယွန် ၊ ဘာစီလိုနာနဲ့ အသက်လက်တီကို မက်ဒရစ်အသင်းတွေမှာပါ ပါဝင်ကစားဖြစ်ခဲ့ပါတယ်။

Photo Credit : The Independent

PSV အသင်းမှာ ပါဝင်ခဲ့စဉ်တုန်းက ကလပ်အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး အလားအလာ ကောင်းမွန်တဲ့ ကစားသမားတစ်ဦးလို့ သတ်မှတ်ခံခဲ့ရသလို မန်ယူနိုက်တက်အသင်းဆီကိုပါ ပြောင်းရွှေ့ခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် ဒီပိုင်းဟာ ယူနိုက်တက်မှာ ခြေစွမ်းပြသနိုင်ခြင်း မရှိပဲ ရုန်းကန်ခဲ့ရသလို (၂)နှစ်အကြာမှာတော့ လိုင်ယွန်အသင်းဆီကိုပါ အပြီးသတ် ရောင်းချခံလိုက်ရပါတယ်။

လိုင်ယွန်မှာ အကောင်းဆုံးပုံစံနဲ့ ပြန်လည် တောက်ပခဲ့တဲ့ ဒီပိုင်းဟာ လိုင်ယွန်နဲ့အတူ (၅)ရာသီကြာ ဖြတ်သန်းခဲ့ပြီးတဲ့နောက် ဘာစီလိုနာဆီ (၂)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သလို ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာလည်း လာလီဂါကလပ် အသက်လက်တီကိုအသင်းဆီ ထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit : Fabrizio Romano

အခုတော့ ဒီပိုင်းဟာ အသက်လက်တီကိုနဲ့လည်း စာချုပ်ဖျက်သိမ်းလိုက်ပြီ ဖြစ်တာကြောင့် အသင်းလက်မဲ့ ဖြစ်နေချိန် ကမ်းလှမ်းလာတဲ့ ကလပ်အသင်းတွေထဲကမှ ကိုရင်သီယန်စ်အသင်းကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီပိုင်းဟာ ကိုရင်သီယန်စ်အသင်းနဲ့ ၂၀၂၆ခုနှစ်အထိ သက်တမ်းရှိတဲ့ (၂)နှစ်စာချုပ်ကို ချုပ်ဆိုသွားမှာဖြစ်ပြီး ဒီကနေ့မှာပဲ ဆေးစစ်မှုတွေလည်း ပြီးစီးသွားခဲ့ပြီလို့ ဖာဘရီဇီယို ရိုမာနိုက သတင်းဖော်ပြလာပါတယ်။

ဒီပိုင်းရဲ့ ကလပ်အသင်းသစ် ဖြစ်လာတော့မယ့် ကိုရင်သီယန်ဟာ ဘရာဇီးလ် ထိပ်တန်းကလပ်အသင်း ဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ အမှတ်ပေးဇယားရဲ့ အဆင့် (၁၇)ထိတောင် ရောက်ရှိလို့နေပြီး တန်းဆင်းဇုန် အန္တရာယ်မှာလည်း ရှိနေရပါတယ်။ ဒီလို အချိန်မှာ ဒီပိုင်းလို အတွေ့အကြုံရင့် တိုက်စစ်ကစားသမားတစ်ဦးကို ဖြည့်တင်းလိုက်နိုင်ခဲ့တဲ့ ကိုရင်သီယန်စ်အတွက် ဘယ်လောက်တောင် အကျိုးရှိမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။