MySport Myanmar

အသက်လက်တီကိုနဲ့ ပွဲဦးထွက်နိုင်ခဲ့လို့ ဝမ်းသာမိရတယ်လို့ ဆိုလာတဲ့ ဒီပိုင်း

အခု ဆောင်းဈေးကွက်အတွင်းမှာ ဘာစီလိုနာအသင်းကနေ အသက်လက်တီကိုမက်ဒရစ်အသင်းဆီကို ယူရို(၄)သန်းနဲ့ ပြောင်းရွေ့ရောက်ရှိလာခဲ့တဲ့ နယ်သာလန် တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းဟာ မနေ့ညက အသက်လက်တီကိုအသင်းအတွက် ပွဲဦးထွက် ပါဝင်ကစားခွင့် ရရှိခဲ့တာကြောင့် ဝမ်းသာမိရတယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Football Espana

အသက်(၂၈)နှစ်အရွယ် နယ်သာလန် လက်ရွေးစင် တိုက်စစ်ကစားသမား ဒီပိုင်းဟာ ဒီရာသီမှာ ဘာစီလိုနာအတွက် ပွဲကစားခွင့်တွေ နည်းပါးလွန်းနေရတာကြောင့် ဆောင်းဈေးကွက် ဖွင့်လှစ်ချိန်မှာပဲ အသင်းပြောင်းဖို့ စီစဉ်ခဲ့တာဖြစ်ပြီး မကြာသေးခင်ကပဲ အသက်လက်တီကိုအသင်းဆီကို ပြောင်းရွေ့ဖြစ်ခဲ့ရပါတယ်။ ဂျာအိုဖီးလစ်(အငှား) ကူညာတို့ကို အသင်းကနေ လက်လွတ်ထားတဲ့ အသက်လက်တီကိုကလည်း တိုက်စစ်ပိုင်း ပြန်လည် အားဖြည့်ဖို့အတွက် ဒီပိုင်းကို ဘာစီလိုနာကနေ ခေါ်ယူခဲ့ပြီး ဗယ်လာဒိုးလစ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လာလီဂါပွဲစဉ်မှာပဲ ကစားသမားသစ် ဒီပိုင်းကို (၁၅)မိနစ်ခန့် ထည့်သွင်း အသုံးပြုသွားခဲ့ပါတယ်။

Photo Credit : FC Barcelona Noticias

ဒီပိုင်းဟာ အသက်လက်တီကိုနဲ့ ပွဲဦးထွက်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့် မရရှိခဲ့ပေမယ့်လည်း ဒုတိယပိုင်း ပွဲကစားချိန် (၇၅)မိနစ်မှာတော့ လူစားဝင် ကစားခွင့်ရခဲ့ပြီး (၁၅)မိနစ်အတွင်း အခွင့်အရေး (၁)ကြိမ် ဖန်တီးနိုင်ခဲ့သလို ဂိုးကန်ချက် (၁)ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပေမယ့် ဟန့်တားခံလိုက်ရပါတယ်။ အခုလို အသင်းသစ်နဲ့ တာထွက်ခဲ့ရတာနဲ့ ပတ်သတ်ပြီး ဒီပိုင်းက “ကျွန်တော်ရဲ့နေအိမ်အသစ်တစ်ခု။ ဒီ အံ့အားသင့်စရာကောင်းတဲ့ ကလပ်အသင်းနဲ့ ဒီနေ့ ပွဲဦးထွက်ခွင့် ရရှိခဲ့လို့ တကယ်ကို ပျော်ရွင်မိပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ အတူတူ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို ရယူသွားနိုင်ဦးမယ်လို့လည်း ထင်မိပါတယ်။ တိုက်ပွဲဝင်သွားကြရအောင်။ ကျွန်တော့်ကို နွေးထွေးပျူငှာစွာ ကြိုဆိုအားပေးကြသော ပရိသတ်များအားလုံးကိုလည်း အထူး ကျေးဇူးတင်ရှိမိပါတယ်။ ကျွန်တော်တို့တွေ အသင်းကို အတည်တကွ တည်ဆောက်သွားကြပါစို့” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ ဒီပိုင်းရဲ့ ပွဲဦးထွက်မှာ အသက်လက်တီကိုအသင်းက မိုရာတာ ဂရီးဇ်မန်း ဟာမိုဆိုတို့ရဲ့ ပထမပိုင်း သွင်းဂိုးတွေနဲ့ ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့ပြီး လာမယ့်ကြားရက်မှာတော့ အသက်လက်တီကိုက စပိန်ကိုပါဒယ်ရေး ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ရီးယဲလ်မက်ဒရစ်အသင်းနဲ့ မက်ဒရစ်ဒါဘီပွဲကို ဆက်လက် ဆင်နွဲသွားရတော့မှာပဲ ဖြစ်ပါတယ်။

Exit mobile version