လိုင်ယွန်အသင်းရဲ့နယ်သာလန်တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းကို ဘာစီလိုနာအသင်းရဲ့နည်းပြသစ်ရော်နယ်ကိုးမန်းက အသင်းဆီ ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး အသင်းကနေ ထွက်ခွာဖို့ နီးစပ်လျက်ရှိနေတဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး လူးဝစ်ဆွာရက်ဇ်ရဲ့နေရာအတွက် အစားထိုးသွားဖို့ပါ ချိန်ရွှယ်လို့နေပါတယ်။ လတ်တလောမှာ ဒီပိုင်းနဲ့ ဘာစီလိုနာအသင်းတို့ကြား သဘောတူညီချက် ရယူထားနိုင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့်လည်း လိုင်ယွန်အသင်းဘက်ကတော့ သူတို့နှစ်သင်းရဲ့ကြားမှာ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဘာညှိနှိုင်းမှုမှာ ရှိမနေဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : BVB Buzz

အသက်(၂၆)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် တိုက်စစ်ကစားသမားဒီပိုင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပေမယ့် လိုင်ယွန်အသင်းဆီ ရောက်ရှိလာပြီးတဲ့နောက် သူရဲ့ပုံမှန်ခြေစွမ်းကောင်းတွေကို ပြန်လည်ပြသလာနိုင်ခဲ့ပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေ ပြသနေနိုင်တဲ့ ဒီပိုင်းကို သူနဲ့နယ်သာလန်အသင်းမှာ တွဲဖက်လုပ်ကိုင်ခဲ့ဖူးတဲ့ နည်းပြရော်နယ်ကိုးမန်းကနေ အခုသူရဲ့အသင်းသစ် ဖြစ်လို့နေတဲ့ ဘာစီလိုနာအသင်းဆီကို ခေါ်ဆောင်ချင်နေတာဖြစ်ပါတယ်။

Photo Credit : Photo Blaugranes

ထွက်ပေါ်နေတဲ့ သတင်းအရင်းအမြစ်တွေအရ ဒီပိုင်းကိုယ်တိုင် ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ကစားဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေပါ ရယူထားနိုင်တယ်လို့ ထွက်ပေါ်နေခဲ့ပေမယ့်လည်း လိုင်ယွန်အသင်းဘက်ကတော့ သူတို့အသင်းနဲ့ ဘာစီလိုနာအသင်းတို့ကြားမှာ ဒီပိုင်းရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဘာညှိနှိုင်းမှုတွေမှ မရှိသေးဘူးလို့ ထုတ်ပြန်ထားခဲ့ပါတယ်။ ဒီပိုင်းကိုယ်တိုင်ကလည်း သူနဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး “ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်ရပါဦးမယ်။ ကျွန်တော့်ကိုလည်း ဘာစီလိုနာအသင်းကနေ စိတ်ဝင်စားနေတယ်ဆိုတာ သိထားပါတယ်။ ဒါပေမယ့် ဒီအချိန်မှာတော့ ဒီအကြောင်းတွေကို ကျွန်တော်ဘာမှထပ်မပြောနိုင်ပါဘူး။ မကြာခင်မှာလည်း လိုင်ယွန်နဲ့ ကျွန်တော်တို့ ဆွေးနွေးကြတော့မှာပါ။ ဘာတွေဖြစ်မလဲဆိုတာတော့ မသိသေးဘူး။ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်ရဲ့အေးဂျင့်နဲ့တောင် ပြောဆိုရသေးခြင်း မရှိပါဘူး” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီပိုင်းအတွက် ပြောင်းရွှေ့ကြေး ပေါင်(၂၂)သန်းဝန်းကျင်လောက်နဲ့ ခေါ်ယူသွားဖွယ် ရှိလို့နေပါတယ်။