စပိန်လာလီဂါ အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ ဘာစီလိုနာနဲ့ အက်သလက်တီကို မက်ဒရစ်တို့က သူတို့နှစ်သင်းရဲ့ ကစားသမားတွေ ဖြစ်တဲ့ ဒီပိုင်းနဲ့ ကာရက်စ်ကိုတို့ကို အလဲအထပ် လုပ်ဖို့ ဆွေးနွေးနေကြပြီး ဆွေးနွေးမှုတွေကလည်း အပေါင်းလက္ခဏာ ဆောင်နေကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဂျာရတ် ရိုမဲရိုးက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ်က သူတို့အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ဂျာအို ဖီးလစ်ကို ချယ်လ်ဆီးထံ ရာသီဝက်အငှား ချလိုက်ပြီးနောက် အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ဂျာအို ဖီးလစ်ရဲ့ နေရာကို အစားဝင်နိုင်တဲ့ တိုက်စစ်မှူး တဦး ပြန်ခေါ်ဖို့ စဉ်းစားထားပြီး ဘာစီလိုနာ တိုက်စစ်မှူး ဒီပိုင်းက အက်သလက်တီကို မက်ဒရစ်နည်းပြ ဆီမြွန်နီရဲ့ စိတ်ကြိုက် ကစားသမား ဖြစ်ပါတယ်။

Photo Credit: Goal

အသက် ၂၈နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဒီပိုင်းက တိုက်စစ်မှူး အဖြစ် ကစားနိုင်သလို တောင်ပံနှစ်ဖက်စလုံးမှာလည်း ကစားနိုင်စွမ်း ရှိပြီး သူက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ ရှိနေပါတယ်။

အက်သလက်တီကို မက်ဒရစ်က ဒီပိုင်းကို ရာသီကုန်မှာ အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ ရှိနေပေမယ့် သူတို့ရဲ့ တိုက်စစ်ပိုင်း အတွက် ဒီပိုင်းကို ယခု ဆောင်းဈေးကွက် အတွင်းမှာပဲ အမိအရ ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး အက်သလက်တီကို မက်ဒရစ်ဟာ ဒီပိုင်းကို ခေါ်ယူချင်နေပေမယ့် ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် ဒီပိုင်းအတွက် ပြောင်းရွှေ့ကြေး တစုံတရာ မပေးချေချင်ပဲ ပြောင်းရွှေ့ကြေး အစား တောင်ပံကစားသမား ကာရက်စ်ကိုနဲ့ အလဲအထပ် လုပ်ချင်နေပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဂျာရတ် ရိုမဲရိုးရဲ့ ဖော်ပြချက်အရ ဘာစီလိုနာနဲ့ အက်သလက်တီကို မက်ဒရစ်တို့ရဲ့ တာဝန်ရှိသူတွေက ယနေ့ညပိုင်းမှာပဲ ဒီပိုင်းနဲ့ ကာရက်စ်ကိုတို့ကို အလဲအထပ် လုပ်ဖို့ ဆွေးနွေးနေကြပြီး ဆွေးနွေးမှုတွေဟာ အဆင်ပြေနေသလို ကစားသမား နှစ်ဦးစလုံးကလည်း အသင်းပြောင်းဖို့ ဆန္ဒရှိနေတာကြောင့် မကြာခင်မှာပဲ ကာရက်စ်ကိုနဲ့ ဒီပိုင်းတို့ရဲ့ အလဲအထပ်က ပြီးပြတ်ဖွယ် ရှိနေကြောင်း သိရပါတယ်။